DVB Logo
Home
Lead Story
ဆွီဒင်လူ့အခွင့်အရေး သံတမန်၏ မြန်မာပြည်ခရီးစဉ်
DVB
·
May 22, 2017
ဆွီဒင်လူ့အခွင့်အရေး သံတမန်၏ မြန်မာပြည်ခရီးစဉ်
Donate to DVB

“လူ့အခွင့်အရေးကို ကာကွယ်ခြင်းနဲ့ မြှင့်တင်ခြင်းဟာ ဆွီဒင်နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံအုတ်မြစ်ဖြစ်သလို အသည်းနှလုံးလည်း ဖြစ်ပါတယ်။ ဆွီဒင်ဟာ သူ့ရဲ့နိုင်ငံခြားရေးမူဝါဒတွေကတဆင့် ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို ကာကွယ်ရာမှာ အပြတ်သားဆုံး ကာကွယ်ပြောဆိုနိုင်တဲ့ အားအကောင်းဆုံး ခေါင်းဆောင်နိုင်ငံတခုဖြစ်အောင် လုပ်ဆောင်နေပါတယ်။  ဒီအချက်တွေဟာ မြန်မာနိုင်ငံမှာ ကျမတို့လုပ်နေတဲ့အလုပ်တွေရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။”

ဒီတစ်ပတ် ကျမ မြန်မာနိုင်ငံကို လည်ပတ်ရတာ အရမ်းကို ပျော်ပါတယ်။ ကျမခရီးစဉ်ရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ တိုးတက်မှုတွေနဲ့ စိန်ခေါ်မှုတွေကို ပိုနားလည်အောင် လေ့လာဖို့ပါဘဲ။ လက်တွေ့အခြေအနေကို နားလည်ဖို့အတွက် အစိုးရအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ ကျမ တွေ့ဆုံပါမယ်။ ဒါက ဆွီဒင်နိုင်ငံအတွက် သိပ်ကို အရေးကြီးပါတယ်။ ဘာေ့ကြာင့်လဲဆိုတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို ကာကွယ်ဖို့နဲ့ တိုးတက်အောင်လုပ်ဖို့ဟာ ဆွီဒင်နိုင်ငံကျင့်သုံးတဲ့ နိုင်ငံရေးမူဝါဒတွေရဲ့ အခြေခံကျတဲ့အစိတ်ပိုင်းတခု ဖြစ်နေလို့ပါပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်က ကျမရဲ့မိခင်နိုင်ငံဟာ ဆင်းရဲပါတယ်။ လူဦးရေ လေးပုံတစ်ပုံလောက်က ငတ်မွတ်မှု၊ ဘာသာရေးအရ ဖိနှိပ်မှုတွေကြောင့် ဘ၀သစ်ထူထောင်ဖို့အတွက် မြောက်အမေရိကတိုက်ကို ထွက်ပြေးခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကစလို့ အရပ်ဘက်လူ့အသိုင်းအ၀ိုင်းနဲ့ လွတ်လပ်ပွင့်လင်းတဲ့ အဖွဲအစည်းတွေနဲ့အတူ  အားကောင်းတဲ့ ဒီမိုကရေစီစနစ်ကို ကျမတို့ တည်ဆောက်ခဲ့ပါတယ်။ စီးပွားရေးဝေါဟာရနဲ့ ပြောရရင်တော့ ဒါက Smart ဖြစ်တယ်၊ တော်တယ်ပေါ့။ ကျမတို့ ဆွီဒင်နိုင်ငံရဲ့ အတွေ့အကြုံနဲ့ပြောရမယ်ဆိုရင် တိုးတက်တဲ့အခြေအနေတွေကို ရေရှည်ထိန်းသိမ်းဖို့ဆိုရင် လူ့အခွင့်အရေးအခြေအနေတွေကို လေးစားဖို့ လိုအပ်ပါတယ်။

နိုင်ငံပေါင်းမြောက်များစွာက သူတို့ရဲ့လူ့အသိုင်းအ၀ိုင်းကို တည်ဆောက်ဖို့အတွက် လူ့အခွင့်အရေး အခြေအနေတွေကို တိုးတက်အောင်လုပ်ခဲ့ကြပြီးပါပြီ။ နိုင်ငံတကာမှာ ဆင်းရဲမှုတိုက်ဖျက်ရေးအခြေအနေတွေ တိုးတက်လာပေမယ့် လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို လေးစားတန်ဖိုးထားမှုကတော့ ကမ္ဘာတ၀ှမ်း ကျဆင်းလာတာကို မြင်တွေ့နေရပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး ထိန်းသိမ်းမှုတွေနဲ့ပတ်သက်ရင် ဘယ်တုန်းကနဲ့မှ မတူအောင် မကြာခဏ မေးခွန်းထုတ် နေရတာတွေလည်း ဖြစ်လာပါတယ်။

ဒီမိုကရေစီက နောက်ကိုအတွန်းခံနေရပြီး လူ့အခွင့်အရေးအခြေအနေတွေကတော့ မေးခွန်းထုတ်မှု၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့ကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေ အလုပ်လုပ်ဖို့ ပိုခက်လာပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ အလုပ်လုပ်ဖို့ ပိုခက်လာတဲ့အခါ နဂိုလ်ကတည်းက ၀ရုန်းသုန်းကားဖြစ်နေတဲ့ အကူအညီလိုအပ်နေသူတွေရဲ့ ဘ၀ကလည်း နှစ်ဆ ပိုဆိုးလာပါတယ်။ ဥပမာအားဖြင့် အမျိုးသမီးတွေပေါ့၊ နဂိုကတည်းက အမျိုးသမီးဖြစ်လို့၊ အရပ်ဘက်အဖွဲ့အစည်းကဖြစ်လို့ဆိုပြီး ပိုတိုက်ခိုက်ခံရ၊ ခွဲခြားဆက်ဆံခံနေရပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်တွေ ထိန်းချုပ်ခံရပြီ၊ လူ့အခွင့်အရေးကာကွယ်သူ တိုးတက်အောင်လုပ်သူနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်သူတွေ ခြိမ်းခြောက်ခံရပြီဆိုရင် အဲ့ဒီတိုင်းပြည်တစ်ခု လူ့အသိုင်းအ၀ိုင်းတစ်ခုဟာ အားပျော့လာမှာပဲ။

တခါတရံမှာ အင်တာနက်နဲ့ ခေတ်မီနည်းပညာသစ်တွေဟာ လူတွေရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေကို တိုးမြှင့်တဲ့နေရာမှာ အသုံးပြုရမယ့်အစား ထိန်းချုပ်တဲ့နေရာတွေမှာ အသုံးချခံနေရပါတယ်။ ဒါက အရပ်ဘက်အဖွဲ့အစည်းတွေကိုသာ ထိခိုက်စေတာ မဟုတ်ပါဘူး။ နိုင်ငံသားတဦးချင်းစီကိုလည်း ထိခိုက်နေပါတယ်။ ဒါ့ကြောင့် ဆွီဒင်အစိုးရက ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်အောင် ထောက်ပံ့ပေးတာကို ပိုမိုလုပ်ဆောင်နေပါတယ်။ အင်တာနက်ပေါ်မှာရော လက်တွေ့မှာရော နှစ်ခုစလုံးမှာပေါ့။

ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ အင်တာနက်ပေါ်မှာရော လက်တွေ့မှာရော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တိုးတက်လိုတဲ့ရည်ရွယ်ချက်ကို ဆွီဒင်အစိုးရက အဓိကကျကျ ထောက်ပံ့ပေးနေတဲ့အတွက် ကျမကတော့ အရမ်းဝမ်းသာပါတယ်။ ဒီအချက်နဲ့ပတ်သက်ရင် ဆွီဒင်ဟာ မြန်မာနိုင်ငံရဲ့ ကာလကြာရှည် မိတ်ဆွေကောင်းဖြစ်ပါတယ်။

ကျမတို့နိုင်ငံမှာတော့ ကျား-မတန်းတူ ညီမျှမှုဟာ သိပ်ကို အကျိုးရှိပါတယ်။ တကမ္ဘာ လုံးအနေနဲ့ ခြုံကြည့်မယ်ဆိုရင်တော့ ဒီအချက်က လက်တွေ့ထက် အမြင်သဘောထား သက်သက်လိုပဲ ဖြစ်နေပါသေးတယ်။ အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ စနစ်တကျ ထိန်းချုပ်မှုတွေဟာ မရေတွက်နိုင်လောက်အောင် များပြားလှတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ နေ့စဉ်ဘ၀မှာ မြင်တွေ့နေရဆဲပါပဲ။ မြန်မာနိုင်ငံမှာ ကျား-မ တန်းတူညီမျှမှုနဲ့ အမျိုးသမီးတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပိုမိုပါဝင်လာရေး အပါအ၀င် အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့ဟာ ဆွီဒင်အစိုးရဲ့ ခိုင်မာတဲ့ နောက်ထပ် ရည်ရွယ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

အစိုးရတွေက နိုင်ငံတကာစံနှုန်းတွေအပေါ် မေးခွန်းထုတ်တာဟာ အလုပ်သမားတဦးရဲ့ လက်တွေ့ဘ၀အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ အလုပ်သမားတွေဟာ အလုပ်သမားသမဂ္ဂတွေမှာ ပါဝင်ခွင့်ငြင်းပယ်ခံနေရပါတယ်။ ပိုကောင်းတဲ့ လုပ်ငန်းခွင်အခြေနေရရှိဖို့ ငြင်းပယ်ခံနေရပါတယ်။ အလုပ်သမားသမဂ္ဂ ဆန့်ကျင်ရေး ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေဟာ နေရာတိုင်းမှာ ဖြစ်ပျက်နေပါတယ်။ ကလေးတွေအပါအ၀င် လူအမြောက်အမြားဟာ လူသားမဆန်တဲ့ လုပ်ငန်းခွင်အခြေအနေတွေမှာ အလုပ်လုပ်နေရပါတယ်။

ဒီအချက်တွေ အောင်မြင်အောင်ရရှိဖို့ဆိုရင် “နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ၊ ပူးပေါင်းဆောင်ရွက်ရေး” ဟာ အဓိကကျတဲ့ အချက်ပါပဲ။ ကမ္ဘာ့အကြီးဆုံး အလှူရှင်တဦးအနေနဲ့ ဆွီဒင်ဟာ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးကို ကူညီဖို့အတွက် ကြီးမားတဲ့အတွေ့အကြုံတွေ ဗဟုသုတတွေကိုတောင် ဖော်ပြမနေတော့ဘဲ တန်ဖိုးရှိရှိ ကမ်းလှမ်းခဲ့ပြီးပါပြီ။ လူ့အသိုင်းအ၀ိုင်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေဟာ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒီကမ်းလှမ်းချက်ဟာ အနာဂတ်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေ တိုးတက်လာဖို့ဖြစ်ပါတယ်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို ကူညီကာကွယ်ရေး၊ အတိမ်းအစောင်း မခံတဲ့ဒေသတွေမှာ ပူးပေါင်းဆောင်ရွက်ကူညီရေးကိစ္စတွေကို ကာလကြာရှည်လုပ်ဆောင်နေရတဲ့အတွက် ဆွီဒင်အစိုးရက ၀မ်းသာဂုဏ်ယူပါတယ်။ ဒီအချက်ဒီနယ်ပယ်တွေမှာ ကာလကြာရှည် ကူညီပေးနေတဲ့ ကျမတို့ ဆွီဒင်နိုင်ငံရဲ့ ခိုင်မာတဲ့၊ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို ကျား-မတန်းတူညီမျှမှုကို တန်ဖိုးထားတဲ့ တစ်ခြား ကမ္ဘာ့နိုင်ငံတွေကလည်း အားကျချီးကျူးနေပါတယ်။

ဆွီဒင်ဟာ ဟော့ဒီမြန်မာနိုင်ငံမှာ ဥပဒေစည်းမျဥ်းစည်းကမ်းတွေကို ကာကွယ်ဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ကာကွယ်ဖို့၊ တိုးတက်အောင်လုပ်ဖို့ အားအကောင်းဆုံး အသံတသံအနေနဲ့ ရပ်တည်နေပါတယ်။ ဆက်လက်လည်း ရပ်တည်သွားပါမယ်။

(ဆွီဒင်လူ့အခွင့်အရေးသံတမန် အန်နီကာ ဘန် ဒေးဗစ် ရဲ့ ဆောင်းပါးကို မအေးအေးမွန်က ဆီလျော်အောင်ဘာသာပြန်ထားပါတယ်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ဆွီဒင်လူ့အခွင့်အရေး သံတမန်၏ မြန်မာပြည်ခရီးစဉ်