DVB Logo
Home
မြန်မာသတင်း
အင်းတကော်တွင် ကုမ္ပဏီနှင့် လယ်သမား ခိုက်ရန်ဖြစ်၊ လယ်သမား ၁ ဦးသေဆုံး
DVB
·
May 22, 2017
အင်းတကော်တွင် ကုမ္ပဏီနှင့် လယ်သမား ခိုက်ရန်ဖြစ်၊ လယ်သမား ၁ ဦးသေဆုံး
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ် ဆပ်အင်းကျေးရွာရှိ လယ်ယာမြေပေါ်မှာ စိမ်းလဲ့မြေကုမ္ပဏီက ခြံစည်းရိုးကျောက်တိုင် စိုက်ထူရာကအစပြုလို့ ခိုက်ရန်ဖြစ်ပွားပြီး လယ်သမားတဦး အသက်သေဆုံးခဲ့ရပါတယ်။

ဆပ်အင်းကျေးရွာ ကွင်းအမှတ် (၁၁၇၇) ဦးပိုင်အမှတ် (၂၁/၃) ထီဖါးတို အနောက်မြောက်ကွင်း လယ်ယာမြေ ၁၅ ဧကထဲမှာ မေ ၇ ရက်နေ့က စိမ်းလဲ့မြေကုမ္ပဏီက မန်နေဂျာ ဦးအောင်လှိုင်ဦးနဲ့အဖွဲ့က ခြံစည်းရိုးကျောက်တိုင် ၀င်ရောက်စိုက်ထူကြပါတယ်။ ဒါကို မူလလုပ်ကိုင်နေတဲ့ တောင်သူမိသားစုဝင်တွေက တားမြစ်ရာကနေ အချေအတင်ဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။

တောင်သူ ကိုစန်းဝင်းက “၅ လပိုင်း ၇ ရက်နေ့က လာတယ်။ စိမ်လဲ့မြေကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးအောင်လှိုင်ဦးရောက်ရှိလာတယ်။ လူကြီးတွေရောက်လာပြီဆိုတော့ ကျနော်က အားရဝမ်းသာနဲ့ စောင့်နေတယ်။ သူလည်း ရောက်လာရော သူ့လူအုပ်တွေလည်း ရောက်လာတာတွေ့တယ်။ ၇၀ လောက်ရှိတယ်။ သူ့အလုပ်သမားတွေကို သူပြောတယ်၊ ငါ့နောက်မှာ ကာနှစ်စီးကို ဒီမှာတစီး ဟိုမှာ တစီးချ ဆိုပြီးတော့ပြောတယ်။ ကျနော်တို့ကိုတော့ စကားတခွန်းမှမပြောဘူး၊ ကျနော်ကတော့ ပြောလိုက်တယ်၊ ဦးရေ မျက်စိပါပါတယ်နော်လို့။ ပြီးခဲ့တဲ့ မိုးရာသီမှာ စပါးစိုက်တယ်၊ အခုနွေမှာ ဖရဲစိုက်တယ်လို့ အဲ့တော့ ဦးက ကျောက်တွေ သဲတွေချမယ်ဆိုရင် ကျနော်ဖရဲတွေပျက်ကုန်မယ်၊ မိုးရွာသီမှာလည်း ကျနော်က လယ်ထွန်မယ်လို့ ပြောတယ်၊ သူက ဘာမှမပြေဘူး။ အဲ့တော့ သူ့အလုပ်သားတွေကိုကြည့်ပြီး မင်းတို့ဘာလုပ်နေလဲတဲ့ လုပ်စရာရှိတာဆက်လုပ်ပြောတယ်။ အလုပ်သမားတွေက ကားဆင်းမယ့်နေရာကို ပေါက်ပြီး ပြင်နေကြတယ်။ ကျနော်က လူကြီးတွေနဲ့ စကားပြောနေတဲ့ အချိန်မှာ ဒီလိုမလုပ်ဖို့တားတယ်။ ခင်ဗျားတို့ပိုင်တယ်ဆိုရင် ကျနော် နောက်ဆုတ်ပေးမယ်၊ ကျနော်တို့ ပိုင်တယ်ဆိုရင် ခင်ဗျားတို့ နောက်ဆုတ်ပေးဖို့ အဆင်သင့် လုပ်ထားဖို့ ကျနော်အဲ့တိုင်းပြောပါတယ်။ အဲ့တော့ ခင်ဗျားတို့ အဖွဲ့ထဲမှာ ပိုင်ရှင်က ဘယ်သူလဲ မေးတယ် ပိုင်ရှင်က ကျနော်ပဲလို့ ပြောတယ်။ ကျနော်အမေလည်း ရှိတယ်လို့ ပြောလိုက်တယ်၊ အဲ့ ခင်ဗျား အမေပါ ခေါ်လာခဲ့တဲ့၊ ကျနော် အမေကိုသွားခေါ်လိုက်တယ်။ ရောက်လည်းရောက်ကော အဲ့အမေပါ ရှင်းလိုက်ကွာဆိုပြီးတော့ အောင်လှိုင်ဦးက အမိန့်ပေးလိုက်တယ်။ အဲ့လိုအမိန့်ပေးလိုက်တဲ့ အချိန်မှာ ကျနော်အမေကို လေးခွနဲ့ ပစ်တယ်။ အမေပြေးဆိုပြီး သူတို့ကို ကျနော်က လက်နဲ့ ဝင်ထိုးလိုက်တယ်။ အဲ့ကနေ ရန်တွေဖြစ်ကုန်တာပေါ့။”

ခိုက်ရန်ဖြစ်ပွားရာကနေ နှစ်ဦးနှစ်ဖက်ဒဏ်ရာတွေရရှိခဲ့ပြီး ပဲခူးဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ကြပါတယ်။ ဆေးကုနေသူတွေအနက် ဝမ်းဗိုက်မှာ ချွန်ထက်တဲ့အရာနဲ့ ထိုးသွင်းခံရသူ တောင်သူ ဦးခင်မောင်ကြည်ဟာ မေ ၁၂ ရက်နေ့မှာတော့ သေဆုံးခဲ့ပါတယ်။

အဆိုပါသေဆုံးမှုနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က အလုပ်သမား ၂၃ ဦးကို ဖမ်းဆီးအရေးယူစစ်ဆေးနေပေမယ့်လည်း ဦးဆောင်သူ မန်နေဂျာ ဦးအောင်လှိုင်ဦးကို ဖမ်းဆီးစစ်ဆေးအရေးယူတာတွေ မရှိတာကြောင့် မိသားစုဝင်တွေအနေနဲ့ မကျေမနပ်ဖြစ်နေကြပါတယ်။

သေဆုံးသူ ဦးခင်မောင်ကြည်ရဲ့တူမ မအိက “ဘာကြောင့် မကျေနပ်ရတာလဲ ဆိုတော့ သူတို့ကို ကျမတို့ မိသားစုက တောင်းပန်တယ်၊ သူအလုပ်သမားတွေနဲ့ ရှိနေတဲ့ အချိန်မှာ သူတို့နဲ့ အေးအေးဆေးဆေးပဲ အဆင်ပြေပြေနေလာခဲ့တယ်။ တညလုံး အတူတူပဲ၊ ၉ နာရီလောက်က သူဌေးကြီးက ရောက်လာတယ်၊ ကားကြီးနဲ့ ရောက်လာတယ်၊ ချကွာ လုပ်ကွာ အဲ့လိုပြောတယ်။ သူရောက်လာမှာ ဒီပြဿနာဖြစ်တာ။ သူ့ကို မကျေနပ်နိုင်ဘူး၊ လုံးဝမကျေနပ်နိုင်တာ၊ အဲ့အောင်လှိုင်ဦးကို ဖမ်းကိုဖမ်းစေချင်တယ်။ အခု ၂၃ ယောက်ဖမ်းတယ်လို့ ပြောတယ်၊ ကျမသွားကြည့်တော့ အောင်လှိုင်ဦးဆိုတဲ့ သူမပါလာဘူး။ အောင်လှိုင်ဦး သတ်ခိုင်းလို့ ကျမ မိသားစု ဒဏ်ရာရပြီး သေတဲ့ အထိဖြစ်တဲ့တာပါ။ အောင်လှိုင်ဦးဆိုတဲ့ သူကို မကျေနပ်ဘူး”လို့ ပြောပါတယ်။

အရေးပါတဲ့ တာဝန်ရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုမရှိတာကြောင့် သေဆုံးသူမိသားစုဝင်တွေနဲ့ တောင်သူတချို ရွာကိုမပြန်ရကြဘဲ ပဲခူးမြို့ ရပ်ကွက်တခုမှာ နေထိုင်ခွင့် အကူအညီတောင်းပြီး နေထိုင်ခဲ့ရတယ်လို့ ပြောပါတယ်။

လယ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ ကိုထွန်းအောင်ကျော်က “ကိုအောင်လှိုင်ဦးပါ ၂၃ ဦး ဖမ်းထားတယ်လို့ပြောပါတယ်။ တကယ်သွားကြည့်တဲ့အခါမှာ ခေါင်းဆောင်ဆိုတဲ့ အထွေထွေမန်နေဂျာ အောင်လှိုင်ဦးက အခုချိန် လွတ်နေဆဲပဲ သူ့ကို မဖမ်းသေးဘူး။ တကယ်တမ်းတော့ အဓိက တရားခံကိုတော့ ဖမ်းသင့်တာပေါ့ဗျာ။ လယ်သမားမိသားစုက ထိခိုက်ဒဏ်ရာရတဲ့အပြင် သေဆုံးတာတွေရှိတဲ့အတွက် အဓိက တရားခံကို မဖမ်းပေးတဲ့အတွက် သူတို့ သောကတွေများနေပါတယ်။ ရွာပြန်ဖို့လည်း အခက်နေပါတယ်” လို့ ပြောပါတယ်။

ဦးဆောင်စေခိုင်သူ ဦးအောင်လှိုင်ဦးကို အရေးမယူတာနဲ့ပတ်သက်ပြီး အင်းတကော်မြို့ နယ်မြေရဲစခန်း၊ ပဲခူးမြို့ မြို့မရဲတပ်ဖွဲ့မှူးရုံး၊ ပဲခူးခရိုင်ရဲတပ်မှူးရုံးတို့ကို ဒီဗွီဘီက သွားရောက်မေးမြန်းခဲ့ပေမယ့်လည်း ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ယူ ဖြေကြားပေးခဲ့ခြင်းမရှိကြပါဘူး။

သတင်း -  နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013