
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ထိခိုက်နစ်နာစေခဲ့တာတွေအတွက် နားလည်ခွင့်လွှတ် ပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ လာရောက်တောင်းပန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လဆန်းကကျင်းပတဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းဝေးမှာ တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်ပေးရေး ပြည်ထောင်စု တရားလွှတ်တော်ချုပ်အား တိုက်တွန်းကြောင်းအဆိုအပေါ် ပြန်လည်ဖြေကြားရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောဆိုခဲ့တာနဲ့ပတ်သတ်လို့ ပြန်လည် တောင်းပန်လိုက်တာပါ။
ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီး ဦးစိုးညွှန့်က “ဥပဒေပြဋ္ဌာန်းချက် တင်ပြချက်ကို တင်ပြခဲ့တဲ့နေရာမှာ တင်ပြပုံအားနည်းမှုကြောင့် နားလည်မှုများ လွဲများစေရန် ဖြစ်ပေါ်စေခဲ့ပါတယ်။ ကျနော့်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ထိခိုက်စေရန်၊ နစ်နာစေရန် ပြောဆို ရည်ရွယ်ခြင်း မရှိခဲ့ပါဘူး။ ဆန္ဒလည်း မရှိခဲ့ပါဘူး။ ရည်ရွယ်ချက်နှင့် ဆန္ဒမရှိသော်လည်းပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ထိခိုက်နစ်နာစေမှုများ ဖြစ်ပေါ်စေခဲ့တဲ့အတွက် ကျနော်၏ ဆွေးနွေးချက်များထဲမှ အထက်ပါအချက်များကို ပြန်လည် ရုပ်သိမ်းလိုပါတယ်။ ဒါ့ကြောင့် ရုပ်သိမ်းချက်များကို မှတ်တမ်းတင်ထားခြင်းမှ ပယ်ဖျက်ပေးပါရန် ပထမအချက်အနေနဲ့ လေးစားစွာ ပန်ကြားအပ်ပါတယ်။ ဆက်လက်ပြီးတော့ လည်း ဒုတိယ အချက်အနေနဲ့ ဖော်ပြပါ ဆွေးနွေးတင်ပြခဲ့သည်များနှင့် ပတ်သက်ပြီးတော့ ကျနော့်အပေါ် နားလည်ခွင့်လွှတ်ပေးရန် တင်ပြလိုပါသေးတယ်။ ဥက္ကဋ္ဌကြီးခင်ဗျာ၊ ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေး သတ်မှတ်နေ့မှာ ပြည်သူ့လွှတ်တော်ဥပဒေပြုရေး အဆိုကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ သည့်အချက်များနှင့် ပတ်သက်ပြီး ကျနော့်မှာ တာဝန်ရှိ ပါတယ်။”
ပြီးခဲ့တဲ့ မတ်လ ၇ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပဲခူးတိုင်းဒေသကြီး ဝေါမဲဆန္ဒနယ်က လွှတ်တော်အမတ် ဦးတင်ထွေးက တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှု အပေါ် ပြန်လည်တည့်မတ်ပေးရေး တိုက်တွန်းကြောင်း အဆိုတင်သွင်းပြီး လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးက ဆွေးနွေး အတည်ပြုခဲ့တာပါ။
အဲဒီအဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့ကိုယ်စားလှယ်တွေဟာ တရားရုံးမထီမဲ့မြင်ပြုရာ ရောက်တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့် က လွှတ်တော်မှာ ပြောကြားခဲ့လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က တရားသူကြီးကို သတိပေးခဲ့ရပါတယ်။










