DVB Logo
Home
Lead Story
၂၁ ရာစုပင်လုံနဲ့ ဖက်ဒရယ်ဒီမိုကရေစီ သုံးသပ်ချက် - အယ်ဒီတာစကားဝိုင်း
DVB
·
May 22, 2017
၂၁ ရာစုပင်လုံနဲ့ ဖက်ဒရယ်ဒီမိုကရေစီ သုံးသပ်ချက် - အယ်ဒီတာစကားဝိုင်း
Donate to DVB



ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ထားပါတယ်။ အဲဒါနဲ့တပြိုင်တည်း လာမယ့် ၂၄ ရက်မှာ ဒုတိယပင်လုံ ပြန်လည်ဖွင့်ဖို့ရှိပါတယ်။ မကြာခင် ရက်ပိုင်းတွေကလည်း ပြည်နယ်တွေမှာ ပြည်နယ်ကွန်စတီကျူးရှင်း၊ ဖက်ဒရယ်ကို ဦးတည်တဲ့ ပြည်နယ်တွေရဲ့ အုပ်ချုပ်ပုံကို ရေးခွင့်ပေးတယ်ဆိုပြီးတော့ ပေါ်ပေါက်လာပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နဲ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ် အယ်ဒီတာ ဦးနေထွန်းနိုင်တို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာ့ကို အရင်ဆုံး မေးပါရစေ။ ခုလောလောဆယ်မှာ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို ပြောလို့တောင်မရတဲ့ အဆင့်ကနေ ဒါကို ရေးဆွဲခွင့်ပေးမယ်။ ဒါပေမယ့် အခြေခံဥပဒေကိုတော့ ကျော်လွန်ခွင့်မရဘူး။ အဲဒီတော့ တကယ်တမ်း တိုင်းရင်းသားတွေ တောင်းနေတာနဲ့ အခုပေးတာ ဘာတွေ ရစရာရှိလဲ၊ ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။ ဆရာ စပြီး ဆွေးနွေးပေးပါဦးခင်ဗျ။”

ဆရာသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

“ဘာပဲဖြစ်ဖြစ်ပေါ့ ဆရာရယ်။ ပြည်နယ်တွေကို ဖက်ဒရယ်မူ ဖွဲ့စည်းပုံရေးဆွဲခွင့် ပေးတယ်ဆိုတာကတော့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း တိုးတက်တဲ့ လက္ခဏာတခုလို့ ကျနော်တို့က ယူဆပါတယ်။ ဒါပေမယ့် ကျနော်တို့က ဒါက မားသားလော ၂၀၀၈ အခြေခံဥပဒေအောက်မှာ ဖွဲ့စည်းပုံရှိရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ မိန်းဖရိန်တွေကို နာခံပြီးလုပ်ရမှာ ဖြစ်တဲ့အတွက် ပေါ်ထွက်လာနိုင်တဲ့ ပြည်နယ်တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ကတော့ အတော်ကြီး အကန့်အသတ် ရှိလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲဒီတော့ အမှန်ကတော့ ဖက်ဒရယ်ဘောင်တွေနဲ့ ပတ်သက်တဲ့အခါမှာ သူ့တိုင်းပြည်၊ သူ့ထူးခြားချက်နဲ့သူတော့ ရှိတာပေါ့။ ဒါပေမယ့် အခြေခံအားဖြင့် ကျနော်တို့နဲ့ တော်တော်လေးနီးတာက အိန္ဒိယဖက်ဒရယ်ပုံစံနဲ့ ကျနော်တို့က နီးတယ်။ အိန္ဒိယမှာလည်း ပြည်နယ်တွေကို ပြည်နယ်ကွန်စတီကျူးရှင်းတွေကို ဆွဲခွင့်ပေးထားတယ်။ အဲဒီတော့ ဗဟိုအစိုးရကလည်း လုပ်ချင်တိုင်း လုပ်ခွင့်မရဘူး။ ဒါပေမယ့် အိန္ဒိယပြည်ရဲ့ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေက Fully Democratic ကွန်စတီကျူးရှင်း ဖြစ်တာကိုး။ အဲဒီအောက်မှာ ပြည်နယ်တွေကို ခွဲဝေပေးတဲ့အခါမှာလည်း တော်တော့်ကို တရားမျှတပြီးတော့ ဒီမိုကရေစီကျတဲ့ ဖွဲ့စည်းပုံတွေ ဖြစ်တဲ့အခါကျတော့ အဲဒီလိုဟာမျိုး ဖြစ်လာမယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ဒါပေမယ့် ကျနော် အဲဒီလောက်အထိတော့ မမျှော်လင့်ရဲပါဘူး။ ဒီမှာ ဇယား ၁၊ ၂၊ ၃ ပြင်မှာလား။ ဒါမှမဟုတ်ရင် ပြည်နယ်တွေမှာရှိနေတဲ့ ဝန်ကြီးအဖွဲ့နဲ့ ဝန်ကြီးအဖွဲ့တွေကို ပြည်နယ်က ရွေးချယ်ခွင့်တွေ ပေးမလားဆိုတဲ့ ကိစ္စတွေကတော့ ကျနော်တို့ ဆက်မျှော်လင့်စရာ ဖြစ်တာပေါ့ခင်ဗျာ။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာကတော့ ဒါသည် ပေးတော့ပေးတယ်၊ ဒါပေမယ့် ဇယား ၁၊ ၂၊ ၃ ပေါ့နော်။ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ပဲ ပေးတာလား၊ တကယ့်ကိုပဲ တိုင်းရင်းသားတွေ မျှော်လင့်တဲ့ တကယ့်ကို ပြည့်ဝတဲ့ ဖက်ဒရယ်ဒီမိုကရေစီအထိပါ သွားမလားဆိုတာ ပြောသွားတယ်။ ဆရာနေထွန်းနိုင်လည်း ကျနော် ဒီဟာကိုပဲ မေးပါမယ်။ တကယ်တမ်း အခု ပေးလိုက်တဲ့အပေါ်မှာ ပြည်နယ်တွေမှာ ရေးဆွဲခွင့်ပေးတယ်။ ဘာရစရာရှိလဲ၊ နောက်ထပ် ဘာတွေလုပ်ဖို့ ကျန်သေးလဲဆိုတာ ဖြည့်စွက်ဆွေးနွေးပေးပါဦး။”

ဆရာနေထွန်းနိုင် (အယ်ဒီတာ၊ The Myanmar Quarterly၊ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ်)

“ဒီရေးဆွဲခွင့်ပေးတယ်ဆိုတာက အတည်တော့ မဟုတ်သေးဘူးပေါ့။ ၂၁ ရာစု ပင်လုံမှာ ဆွေးနွေးရမယ့် ခေါင်းစဉ်တခုပေါ့။ ဒါ နိုင်ငံရေးဆွေးနွေးပွဲနဲ့ဆိုင်တဲ့ အခြေခံမူတွေနဲ့ဆိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူတွေပေါ့။ အဲဒီမှာ အခြေခံမူ ၁၀ ချက် ရှိတယ်။ အဲဒီ ၁၀ ချက်ကို ကျနော် ဖတ်ကြည့်တဲ့အခါမှာ ဝိဝါဒကွဲစရာတွေ ရှိတယ်။ နံပါတ် ၁ အချက်က ဘာလဲဆိုတော့ ၅(ခ) မှာ ပြဋ္ဌာန်းထားတယ်။ သူတို့ ပြဋ္ဌာန်းထားပုံအရဆိုရင် ဒီပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ ပြင်ဆင်ပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြီးတဲ့နောက်မှ ဆွဲရမှာ။ ၂၀၀၈ ကို ပြင်ပြီးမှ ဆွဲမယ်ဆိုတဲ့သဘော သက်ရောက်တယ်။ တခါ ၆(ဆ) မှာကျတော့ အဲဒီသဘော မဟုတ်ပြန်ဘူး။ သူတို့ရဲ့ ဒီ ၁၀ ချက်မှာတင်ပဲ ဆန့်ကျင်ဘက်တွေ ဖြစ်နေတယ်။ ဝိရောဓိတွေ ဖြစ်နေတဲ့ကိစ္စတွေ ရှိတယ်ပေါ့နော်။ အဲဒီတော့ ဒီဟာက ၂၁ ရာစု ပင်လုံညီလာခံမှာ ဒီဘိတ်ဖြစ်လာနိုင်တဲ့သဘော ရှိတယ်။ နောက်တခု ဆရာပြောသွားတဲ့အထဲမှာ ပါတယ်။ ဇယား ၁၊ ၂၊ ၃၊ ၄၊ ၅ ပေါ့နော်။ အဲဒါကို ပြင်သလားဆိုတော့ ပြင်ထားတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ပြင်ထားတယ်။ ၂၀၁၅ ဇူလိုင်မှာ ဥပဒေထွက်ထားတယ်။ ဒါပေမယ့် အဲဒီဥပဒေတွေက နောက်ဆက်တွဲ မလုပ်တဲ့အတွက်ကြောင့်မို့ ဒီနေ့ ဒီအချိန်အထိ အသက်မဝင်လာသေးဘူး။ အဲဒါတွေကို အစိုးရက လုပ်ရမှာပေါ့နော်။ လောလောဆယ် ပြည်နယ်တွေနဲ့ ပတ်သက်လာရင်ပေါ့။ နောက်တခုက ၂၁၆ ကိစ္စပေါ့။ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို ရွေးတာ၊ အဲဒါဆိုရင် ၇၅ ရာခိုင်နှုန်း လွှတ်တော်ထဲတင် ပြတ်တဲ့ ပုဒ်မ။ ကွန်စတီကျူးရှင်း ပြင်မယ်ဆိုရင်။ အဲဒါကိုလည်း မပြင်နိုင်သေးဘူးပေါ့။ အဲဒါကိုလည်း တကယ် ပြင်စေချင်တဲ့ဆန္ဒရှိတယ်ဆိုရင် ပြင်လို့ရတယ်ပေါ့။ ဒါ အစိုးရက လုပ်လို့ရမယ့်အပိုင်းပေါ့။ နောက်တပိုင်းက တပ်မတော်ပေါ့လေ။ တပ်မတော်ရဲ့ သဘောထားက ဘယ်လိုရှိလဲဆိုတာ အမြဲတမ်း စိတ်ဝင်စားကြတယ်။ ဒီပြည်နယ်ကွန်စတီကျူးရှင်းကိစ္စတွေကို ၂၀၁၆ နိုဝင်ဘာတုန်းက စပြီး ဆွေးနွေးတယ်။ အဲဒီတုန်းကတော့ တပ်က သဘောမတူဘူးဆိုတဲ့ သဘောမျိုး ကြားရတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပြင်ချင်ရုံနဲ့မပြီးဘူး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ရှိတယ်၊ ပြီးရင် ရှေ့နေချုပ်နဲ့ဆိုတော့ အဲဒီပေါ်မှာ မူတည်ပြီးတော့ တပ်က သဘောတူသွားတယ်ဆိုပြီး သိရတယ်ပေါ့။ လောလောဆယ် အနေအထားအရတော့ ကျနော် ထင်တယ်။ လာမယ့် ၂၀၁၇ မေ ၂၄ ရက်နေ့မှာ ဒီကိစ္စက ဒီဘိတ်တင်း ဖြစ်လာလိမ့်မယ်။ တခြား ပြဿနာတွေလည်း အများကြီး ရှိနေသေးတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနားဆင်နိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013