DVB Logo
Home
Lead Story
တရုတ်ရဲ့ ရပ်ဝန်းတခု လမ်းတသွယ် ၂၁ ရာစု ရေကြောင်းပိုးလမ်းမသစ်
DVB
·
May 22, 2017
တရုတ်ရဲ့ ရပ်ဝန်းတခု လမ်းတသွယ် ၂၁ ရာစု ရေကြောင်းပိုးလမ်းမသစ်
Donate to DVB

 

လွန်ခဲ့တဲ့ အနှစ် ၂၀၀၀ ကျော်က တရုတ်ဧက္ကရာဇ်ရဲ့ သံတမန် ကျန်ချီယန်းဟာ တရုတ်နိုင်ငံကနေ ဗဟိုအာရှနဲ့ အာရပ်ကမ္ဘာကို ဆက်သွယ်တဲ့ ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်တဲ့ ပိုးလမ်းမကြီး တည်ဆောက်ဖို့ အကူအညီပေးခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။ အဲဒီလို ပိုးလမ်းမလို့ ခေါ်ခဲ့ရတဲ့အကြောင်းကလည်း တရုတ်နိုင်ငံရဲ့ အရေးအကြီးဆုံး ပို့ကုန်တခုဖြစ်တဲ့ ပိုးထည်ကနေ ရယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီလမ်းမကြီးဟာလည်း နှစ်ပေါင်း ရာနဲ့ချီပြီး ဒေသတခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် သြဇာလွှမ်းမိုးမှု ရှိခဲ့ပါတယ်။

ဒါကတော့ တရုတ်ဟာ နှစ်ပေါင်းများစွာကတည်းက သူ့နိုင်ငံက ထုတ်ကုန်ပစ္စည်းတွေကို ကမ္ဘာ့နေရာအနှံ့အပြားကို တင်ပို့ကုန်သွယ်ဖို့ ကြိုးစားခဲ့သလို ဒေသတွင်းမှာလည်း အကျိုးဖြစ်ထွန်းစေခဲ့တယ်လို့ ပြောလို့ရနိုင်တဲ့ အချက်တခု ဖြစ်ပါတယ်။

ခု ၂၁ ရာစုမှာတော့ တရုတ်သမ္မတ ရှီကျင်းပင်က ၂၀၁၃ ခုနှစ်မှာ အာရှ၊ အရှေ့အလယ်ပိုင်းဥရောပနဲ့ အာဖရိကတဝန်းက နိုင်ငံပေါင်း ၆၀ ကျော် ဖြန့်ကြက်ပါဝင်မယ့် အခြေခံအဆောက်အဦ အစီအစဉ်တခုကို တင်ပြကမ်းလှမ်းခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅ ထရီလျံ ကုန်ကျမယ်လို့ ခန့်မှန်း တွက်ချက်ထားတယ်လို့ ဆိုပါတယ်။

သူတင်ပြခဲ့တာက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်က ဖန်တီး တည်ဆောက်ခဲ့တာကို ခေတ်နဲ့အညီ တိုးတက်ကောင်းမွန်တဲ့ ရထားလမ်းတွေ၊ လမ်းမကြီးတွေ၊ ပိုက်လိုင်းကြီးတွေနဲ့ တရုတ်နဲ့ ဗဟိုအာရှ၊ အနောက်အာရှနဲ့ တောင်အာရှကို ချိတ်ဆက်ပေးမယ့် လူထုဝန်ဆောင်မှုကွန်ရက်ကြီးတခုကို တည်ဆေက်ရေး ဖြစ်ပါတယ်။ ဒီအဦးအစ ရပ်ဝန်းတခု လမ်းတသွယ် (OBOR) မှာ ရုပ်ဝတ္ထု ဆက်သွယ်မှုတွေထက် အများကြီး ပိုပြီးပါဝင်တယ်လို့ သိရပါတယ်။ အဲဒီစီမံကိန်းကြီးမှာ နိုင်ငံရေး ပူးတွဲညှိနှိုင်း ဆောင်ရွက်မှု၊ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အပါအဝင် ကမ္ဘာ့အကြီးဆုံး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စင်မြင့်တခုကို ဖန်တီးတည်ဆောက်မှာ ဖြစ်ပါတယ်။ ရှီကျင်းပင်ရဲ့ အပြောအရတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုမှုတွေကနေ  ဒေသတခု လမ်းတသွယ် စီမံကိန်းကြီးဟာ လူတိုင်းအတွက် အကျိုးကျေးဇူး ရှိလာစေလိမ့်မယ်လို့ ဆိုထားပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီက ရပ်ဝန်းတခု လမ်းတသွယ်ရဲ့ လုပ်ငန်းဆောင်ရွက်မှု စီမံကိန်းကို အဓိက အစိတ်အပိုင်း ၂ ရပ်နဲ့ ၂၀၁၅ ခုနှစ်က အခွင့်အာဏာ ပေးခဲ့ပါတယ်။ အဲဒီအစိတ်အပိုင်း ၂ ခုကတော့ ပိုးလမ်းမ စီးပွားရေးရပ်ဝန်းနဲ့ ၂၁ ရာစု ရေကြောင်းပိုးလမ်းမသစ်တို့ပဲ ဖြစ်ပါတယ်။

စီးပွားရေးရပ်ဝန်းကိုတော့ တရုတ်နိုင်ငံကနေ ဗဟိုအာရှကို ဖြတ်ပြီး ဥရောပနဲ့ ဆက်သွယ်ဖို့၊ အနောက်အာရှကို ဖြတ်ပြီး ပါရှန်ပင်လယ်ကွေ့၊ မြေထဲပင်လယ်ကို ဆက်သွယ်ဖို့နဲ့ တောင်အာရှဒေသကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်ဖို့ ဖြစ်တယ်လို့ ပုံဖော်တင်ပြခဲ့ပါတယ်။

၂၁ ရာစု ရေကြောင်းပိုးလမ်းမသစ်ကိုတော့ ဒေသဆိုင်ရာ ရေလမ်းတွေအကြား ဆက်သွယ်မှုတွေ ဖန်တီးဖို့ စီမံထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပေါင်းစု ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုးအရ အမေရိကန်ဒေါ်လာ ၂၁ ထရီလျံရှိတဲ့ နိုင်ငံပေါင်း ၆၀ ကျော်ကတော့ ရပ်ဝန်းတခု လမ်းတသွယ် လုပ်ငန်းဆောင်ရွက်မှု စီမံကိန်းမှာ ပါဝင်ဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြတာကို တွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီမဟာဗျူဟာအရ တရုတ်နိုင်ငံက ကမ္ဘာတဝန်း အရေးကိစ္စတွေမှာ ပိုပြီးကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်ဖို့ တွန်းအားပေး ဆောင်ရွက်လာတာဖြစ်တယ် ဆိုတာကတော့ အထူးပြောစရာလိုမယ် မဟုတ်ပါဘူး။

ဒီစီမံကိန်းကြီးနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာ ပိုးလမ်းမစီးပွားရေးရပ်ဝန်း (SREB) နဲ့ ရေကြောင်းပိုးလမ်းမ အဖြစ် ကြေညာဖွင့်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါကို တရုတ်ဝန်ကြီးချုပ် လီကီချီယန်းရဲ့ အာရှနဲ့ ဥရောပ နိုင်ငံတော်ခရီးစဉ်အတွင်းမှာ တိုးမြှင့်ထောက်ခံပြောဆိုခဲ့တာကို တွေ့ခဲ့ရသလို တရုတ်နိုင်ငံရဲ့ ပြည်သူ့နေ့စဉ် သတင်းစာကြီးရဲ့ အမြင်သဘောထားအဖြစ်လည်း ၂၀၁၆ ခုနှစ်အတွင်း အကြိမ်ပေါင်းများစွာ ဖော်ပြခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံက ဒီမံကိန်းကြီးကို စနစ်တကျ မဟာဗျူဟာရေးဆွဲပြီး ပိုင်းဖြတ်ဆောင်ရွက်နေတယ် ဆိုတာကို ပြနေတာပါပဲ။

သမ္မတ ရှီကျင်းပင်ကတော့ ဒီစီမံကိန်းကို သူ အပြောကြီးခဲ့သလို တရုတ်နိုင်ငံဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ‘အမေရိကန်ပထမ’ မူဝါဒက လစ်ဟာ ကျန်ရစ်ခဲ့တဲ့ လပ်နေတဲ့ နေရာကို ဖြည့်ဆည်းပေးမှာဖြစ်တဲ့ ကမ္ဘာပြန့်ဖြစ်စဉ် နမူနာတခုကို ချမှတ်ဆောင်ရွက်မှု ဖြစ်တယ် ဆိုတဲ့ စကားနဲ့ အံဝင်ခွင်ကျ ဖြစ်စေမယ့် ‘ရာစုနှစ်စီမံကိန်း’ တခုအဖြစ် ကြိုဆို ပြောဆိုခဲ့ပါတယ်။

မေလ ၁၄ ရက်နေ့မှာ မြို့တော်ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ ရပ်ဝန်းနဲ့လမ်း ဖိုရမ်ကြီးကို ကမ္ဘာ့နိုင်ငံပေါင်း ၇၀ နီးပါးက ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပေမယ့် နိုင်ငံ ၂၀ ကပဲ နိုင်ငံအကြီးအကဲကိုယ်တိုင် တက်ရောက်ခဲ့တာ တွေ့ရပြီး အများစုဟာ စီးပွားရေးအရ တရုတ်နိုင်ငံအပေါ် မှီခို အားထားနေရတဲ့ အာရှနိုင်ငံငယ်လေးတွေက ဖြစ်ပါတယ်။ အဲဒီအထဲက စုစုပေါင်း ၅၂ နိုင်ငံကတော့ ဖိုရမ်မှာ တချို့အဆင့်အထိ ပါဝင်ဖို့ အတည်ပြုပြောဆိုခဲ့ကြပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ အပါအဝင် ဖြစ်ပါတယ်။ အမေရိကန်ကတော့ အစပိုင်းမှာ ဖိုရမ်ကို ကူးသန်းရောင်းဝယ်ရေးဌာနက အဆင့်နိမ့်အရာရှိ တယောက်ကိုပဲ စေလွှတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် တကယ်တမ်းတော့ အမျိုးသားလုံခြုံရေးကောင်စီ အာရှဒါရိုက်တာ မက်သရူး ပေါ့တင်းဂျားက အမေရိကန် ကိုယ်စားလှယ်အဖြစ် တက်ရောက်လာခဲ့တာ တွေ့ရပါတယ်။

တရုတ်နိုင်ငံကတော့ ဗြိတိသျှဝန်ကြီးချုပ် ထရီဇာမေ အပါအဝင် အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်လာမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ယူနိုက်တက်ကင်းဒမ်း၊ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေက သူတို့ရဲ့ အဆင့်နိမ့် ခေါင်းဆောင်တွေကိုပဲ ဘေဂျင်း ဖိုရမ်ကို စေလွှတ်ခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံကလည်း ဒီအဦးအစ စီမံကိန်းကြီးမှာ အငြင်းပွားနေဆဲ ကက်ရှ်မီးယား ဒေသဟာ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်ရဲ့ အဓိကအစိတ်အပိုင်းတခုအဖြစ် ပါဝင်နေတဲ့အတွက် ရပ်ဝန်းနဲ့လမ်း ဖိုရမ်ကို သပိတ်မှောက်ခဲ့ပါတယ်။ အဦးအစ ရပ်ဝန်းတခု လမ်းတသွယ် စီမံကိန်းကြီးကို ပထဝီ အနေအထားအရ စင်္ကြန်လမ်း ၆ ခုနဲ့ ရေကြောင်း ပိုးလမ်းမ ဆိုပြီး တည်ဆောက်မှာပါ။ အဲဒါတွေကတော့….


  • ဥရောပ-အာရှ နယ်မြေတံတား (အနောက်တရုတ်နိုင်ငံကနေ အနောက်ရုရှားအထိ)

  • တရုတ်-မွန်ဂိုးလီိးယား-ရုရှား စင်္ကြန်လမ်း (မြောက်ပိုင်းတရုတ်ပြည်ကနေ အရှေ့ပိုင်းရုရှားအထိ)

  • တရုတ်-ဗဟိုအာရှ-အနောက်အာရှ စင်္ကြန်လမ်း (အနောက်တရုတ်ပြည်ကနေ တူရကီအထိ)

  • တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စင်္ကြန်လမ်း (တောင်းပိုင်းတရုတ်ပြည်ကနေ စင်ကာပူအထိ)

  • တရုတ်-ပါကစ္စတန် စင်္ကြန်လမ်း (အနောက်တောင် တရုတ်ပြည်ကနေ ပါကစ္စတန်အထိ)

  • ဘင်ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စင်္ကြန်လမ်း (တောင်ပိုင်း တရုတ်ပြည်ကနေ အိန္ဒိယအထိ) ဆိုတဲ့ စင်္ကြန်လမ်း ၆ ခုနဲ့



  • ရေကြောင်းပိုးလမ်းမ (စင်ကာပူနဲ့ အိန္ဒိယတဖက်  တရုတ်ကမ်းရိုးတန်းနဲ့ မြေထဲပင်လယ်) ဆိုပြီး အပိုင်း ၇ ပိုင်းနဲ့တည်ဆောက်သွားမှာ ဖြစ်ပါတယ်။


ဒီတရုတ်အစီအမံနဲ့ တည်ဆောက်မယ့် ကုန်သွယ်စီးပွားလွန်ရပ်ဝန်းတခု လမ်းတသွယ်နဲ့ ရေကြောင်းပိုးလမ်းမ စီမံကိန်းကြီးမှာ အကျိုးစီးပွားအရ ပါဝင်ဖို့ စိတ်အားထက်သန်နေတဲ့ တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ အမှီအခိုပြုနေရတဲ့ နိုင်ငံတွေ ရှိသလို ဖွံ့ဖြိုးပြီး အင်အားရှိတဲ့ နိုင်ငံကြီးတွေကလည်း တရုတ်ရဲ့ ခြေလှမ်းကို သတိနဲ့ စောင့်ကြည့်ပြီး တစိတ်တပိုင်းလောက်ပဲ ပါဝင်ပတ်သက်ဖို့ စဉ်းစားချင့်ချိန်နေကြပုံရပါတယ်။ ကိုယ့်ဘက်က ဘာတွေပေးရပြီး ဘာတွေပြန်ရနိုင်မလဲ ဆိုတာကတော့ နိုင်ငံတိုင်း စဉ်းစားကြမှာပဲ ဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံလို တရုတ်အပေါ် ရာနှုန်းအတော်များများ မှီခိုနေရတဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံအနေနဲ့ကတော့ အကျိုးလိုလို့ ညောင်ရေလောင်းရုံမှတပါး………..။     

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013