DVB Logo
Home
မြန်မာသတင်း
မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ တောင်းချက်ဆိုများ အစိုးရ လိုက်လျေမည့်ပုံမရှိဟုဆို
DVB
·
May 21, 2017
မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ တောင်းချက်ဆိုများ အစိုးရ လိုက်လျေမည့်ပုံမရှိဟုဆို
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ (၂၁) ရာစုပင်လုံကို တက်ရောက်ဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် အစိုးရအနေနဲ့ လိုက်လျောမယ့်ပုံမရှိဘူးလို့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်နဲ့ နိုင်ငံရေးလေ့လာသုံးသပ်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို တက်ရောက်ဖို့အတွက် NCA လက်မှတ်မရေးထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က မေလ ၁၇ ရက်နေ့မှာ ပန်ခမ်းညီလာခံကနေ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်ထဲမှာ အချက် ၄ ချက်ပါဝင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ထောက်ခံကြောင်း ဖော်ပြထားပါတယ်။

အဲဒီလိုဖော်ပြထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီအနေနဲ့ တဖွဲ့ချင်းစီမဟုတ်ဘဲ ကော်မတီ အနေနဲ့ တက်ရောက်မယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို အစိုးရအနေနဲ့ လိုက်လျောဖို့ မလွယ်ဘူးလို့ တိုင်းရင်သားခေါင်းဆောင်တဦးက ပြောပါတယ်။

“အစိုးရရဲ့ သဘောထားကတော့ ခွင့်ပြုမယ့်ပုံမပေါ်သေးဘူး။ ခုန သူတို့လုပ်တဲ့ဟာက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီအနေနဲ့ လာတက်မယ်ပြောတာကိုး။ ကျနော်သိရသလောက်တော့ အစိုးရဘက်က ခွင့်ပြုမယ့် သဘောထားမရှိဘူး။ အဲဒါမျိုးနဲ့သာ ကျနော်တို့သွားရင် ထူးတက်လာမယ့် အကြောင်းမရှိဘူး။ ပြည်ထောင်စုဘက်ကလည်း ဒီလိုတော့ မဖြစ်ဘူး ဒါပေမယ့် ဒီလူတက်လာပါဆိုတဲ့ဟာမျိုးနဲ့ အကြောင်းပြန်သင့်တာပေါ့” လို့ ချင်းအမျိုးသားတပ်ဦး အတွင်းရေးမှူး(၂) ဒေါက်တာရွှေခါးက ပြောပါတယ်။

၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တန်းတူ ပါဝင်ခွင့်ပြုဖို့ တောင်းဆိုထားတာပါ။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုချင်းစီမဟုတ်ဘဲ ကော်မတီအနေနဲ့ တွေ့ဆုံဖို့ တောင်းဆိုတာဟာ အပြုသဘောဆောင် နိုင်တာကြောင့် အစိုးရအနေနဲ့ စဉ်းစားသင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ဆွေးနွေးတဲ့နေရာလည်း ပါဝင်မယ်။ ဆုံးဖြတ်တဲ့နေရာမှာလည်း သူတို့ပါဝင်ခွင့်ရှိမယ်။ အန်စီအေလက်မှတ်ထိုးခြင်း မထိုးခြင်းနဲ့ မဆိုင်ဘူး။ အဲဒီသဘောထားအပေါ်မှာ သူတို့က ရပ်တည်မှာဖြစ်တဲ့အတွက် တကယ်လို့သာ ကျနော်တို့ အန်စီအေ လက်မှတ်မထိုးသေးရင် လေ့လာသူအဖြစ်သော်လည်းကောင်း၊ ဧည့်သည်အဖြစ်သော်လည်းကောင်း ဖိတ်မယ်ဆိုရင် တော့ သူတို့အဖွဲ့အစည်းက တက်လာမယ်လို့ မထင်ဘူး။ အဲဒါဆိုရင်တော့ ကျနော်တို့ အခု တပတ် ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံဟာ တော်တော်လေးကို အင်္ဂါမစုံ အားနည်းသွားတဲ့ အနေအထားတွေကို ရောက်နိုင်တဲ့အတွက် အဲဒါကို တနည်းတဖုံနဲ့ ငြိမ်းချမ်းရေးကော်မရှင် အနေနဲ့ စဉ်းစားသင့်တယ်” လို့ ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့၊ မြန်မာနိုင်ငံမှာ မြောက်ပိုင်းငြိမ်းချမ်းရေး ကိစ္စတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်တို့အနေနဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး ကော်မတီနဲ့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။

“တကယ်လို့ အစိုးရဘက်ကရော တပ်မတော်ဘက်ကပါ အခု ၇ ဖွဲ့ပေါင်းထားတဲ့ဟာကို သူတို့ပေါင်းထားတဲ့ ပုံစံအတိုင်း သွားတွေ့ရင်တော့ ရလဒ်တခုခုရှိလာမယ်။ အဲဒါမှ မဟုတ်ဘဲနဲ့ အဲဒီ ၇ ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဆွေးနွေးရေးကော်မတီဆိုတဲ့ ပုံစံမျိုးနဲ့ သွားမတွေ့ဘဲနဲ့ တဖွဲ့ချင်းစီ တွေ့မှာတို့ အဲဒါမျိုးတွေ ကြားထဲကနေ ကလိနေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ တွေ့နိုင်မှာလည်း မဟုတ်ဘူး။” လို့ ဒေါက်တာ ရွှေခါးက ပြောပါတယ်။

TNLA၊ MNDAA နဲ့ AA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပထမအကြိမ် ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာ ပါဝင်ခွင့်မရခဲ့တာကြောင့်  တိုင်းရင်းသားတွေက အားလုံးပါဝင်နိုင်ဖို့ တောင်းဆိုနေတာပါ။

မေလ ၂၄ ရက်နေ့မှာ ဒုတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီခံအတွက် KIA, AA, TNLA, MNDAA, UWSA, SSA, NDAA စတဲ့တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီဖွဲ့စည်းပြီး တောင်းဆိုနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013