DVB Logo
Home
မြန်မာသတင်း
နမ္မတူတွင် နွားကုန်ကူးအဖွဲ့ မြေမြှုပ်မိုင်းနင်းမိ၊ ၁ ဦးသေ
DVB
·
May 21, 2017
နမ္မတူတွင် နွားကုန်ကူးအဖွဲ့  မြေမြှုပ်မိုင်းနင်းမိ၊ ၁ ဦးသေ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာအုပ်စုထဲမှာ  မေလ ၂၀ ရက် မနက် ၉ နာရီလောက်က တောထဲဖြတ်လာတဲ့ နွားကုန်သည်တစုထဲက လူတဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားပါတယ်။

နောင်ချိုမြို့နယ်ကနေ တက်လာပြီး နမ့်ခမ်းမြို့နယ်၊ တရုတ်နယ်စပ်ဘက် နွားတွေသွားပို့မယ်လို့ ယူဆရတဲ့ အဲဒီအဖွဲ့ဟာ ဆိုက်ခေါင်ကျေးရွာအုပ်စု ပန်ဝိုးရွာရဲ့အရှေ့ဘက် ၃ ဖာလုံလောက်အကွာ တောထဲရောက်တော့ တီအန်အယ်လ်အေ ပလောင်စစ်သားတွေနဲ့ ပင်ပင်းတိုးမိကြောင်း၊ တီအန်အယ်လ်အေမှ ဆက်ကြေးကောက်ဖို့ ပြောဆိုနေကြချိန် နွားနှစ်ကောင်က လွတ်သွားတဲ့အတွက် လိုက်ဖမ်းရာက နွားရောလူပါ မြေမြှုပ်မိုင်းထိသွားတာလို့ ဆိုက်ခေါင်အုပ်စုတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“သူတို့အဖွဲ့က ပန်ဝိုးမှာရှိတဲ့ တီအန်အယ်လ်အေနဲ့ သွားတိုးတော့ ဆက်ကြေးတောင်းတယ်တဲ့၊ ဘယ်လောက်တောင်းလဲတော့ မသိရဘူး။ အဲဒါတချို့က ပေးမလို့ ပြောဆိုနေကြတုန်း နွား ၂ ကောင်က ထွက်ပြေးသွားတယ်၊ အဲဒီနွားနောက်ကို  စိုင်းသန်းထွန်းဆိုတဲ့ တယောက်က လိုက်ဖမ်းတာ၊ ဖမ်းရင်းနဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံးသွားတယ်။ နွား ၂ ကောင်လည်း ဒဏ်ရာရသွားတယ်၊ ရွာသားတွေက အဲလိုလာပြီးအကြောင်းကြားထားပါတယ်။”

သေဆုံးသူ စိုင်းသိန်းထွန်းမှာ အသက် ၂၄ နှစ်ရွယ်ရှိပြီး နောင်ချိုမြို့နယ် ပန်ဟတ်ကျေးရွာက ဦးပန်းစိန် နဲ့ ဒေါ်အေးမွန်းတို့ရဲ့သားဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့အလောင်းကိုတော့ အိမ်ပြန်မသယ်နိုင်ဘဲ အပေါင်းအဖော်တွေက အဲဒီတောထဲမှာပဲ မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စိုင်းသိန်းထွန်းမှာ နွားပိုင်ရှင်မဟုတ်ဘဲ ကုန်သည်တွေရဲ့ နွားကို အငှားလိုက်မောင်းပေးသူ သာဖြစ်ကြောင်း၊ အခြားသူတွေမှာလည်း နွားကို အငှားမောင်းပေးနေတဲ့သူတွေသာဖြစ်ပြီး နွားကုန်သည်အစစ်ကတော့ မော်တော်ကားနဲ့  အရင်သွားနှင့်ပြီးဖြစ်ကြောင်း နွားကျောင်းသမား တဦးက ကျေးရွာအုပ်ချုပ်ရေးမှူးကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013