
ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုကို အမေရိကန်အစိုးရက တရားဝင်ရှုတ်ချပြီး အရေးယူ ဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနဆီကို Save Myanmar-USA အဖွဲ့က တိုက်တွန်းစာ ပေးပို့ခဲ့ပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ရဲဲ့လုပ်ရပ်ကို တရားဝင်ရှုတ်ချပြီး အရေးယူမှုတွေ ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးမာကိုရူဘီယိုနဲ့ ဒုဝန်ကြီးတွေဆီကို Save Myanmar-USA အဖွဲ့က အောက်တိုဘာလဆန်းမှာ တိုက်တွန်းစာပေးပို့ခဲ့တာပါ။
လေကြောင်းတိုက်ခိုက်မှုမှာ အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ပြည်သူ ၅၀ ဝန်းကျင် သေဆုံးခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားပါတယ်။
တိုက်တွန်းစာရဲ့ ပထမအပိုင်းမှာ အမေရိကန်အစိုးရအနေနဲ့ စစ်အာဏာရှင်ရဲ့လုပ်ရပ်ကို လက်ခံနိုင်စရာမရှိကြောင်း ရှင်းလင်းပြတ်သားစွာထုတ်ဖော်ပြောဆိုဖို့၊ မြန်မာစစ်အာဏာရှင်ကို အရေးယူဒဏ်ခတ်ပိတ်ဆို့တာတွေ ထပ်တိုးဆောင်ရွက်ဖို့၊ လေယာဉ်ဆီဝယ်ယူရေးကွန်ရက်တွေနဲ့ စစ်လက်နက်ဆိုင်ရာအရောင်းအဝယ်ကွန်ရက်တွေကို ပိုတင်းကျပ်ပေးဖို့၊ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ နိုင်ငံတကာယန္တရားတွေကို ဆက်လက် ထောက်ခံအားပေးဖို့၊ နိုင်ငံတကာလူသားစာနာအကူအညီတွေ အမြန်ဝင်ရောက်နိုင်ရေးကူညီပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
Save Myanmar-USA အဖွဲ့မှ ကိုရင်အေး က “Save Myanmar - USA ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနဆီကို ပြည်သူလူထုအပေါ်မှာ ဗုံးကြဲ သတ်ဖြတ်တဲ့ ကိစ္စအတွက်ကို တရားဝင်ထုတ်ပြန်ပြီးတော့ ရှုတ်ချပေးဖို့ပေါ့။ ပြီးလို့ရှိရင် အဲ့ဒီအတွက်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့၊ တာဝန်ရှိတဲ့သူတွေ ဘယ်သူတွေပါဝင်လဲပေါ့နော်။ အမိန့်ပေးခိုင်းစေတဲ့သူတွေ ဒါတွေကိုလုပ်ပေးဖို့၊ နောက်ပြီးရင် မင်းအောင်လှိုင် ရွေးတုအစိုးရနဲ့ ဆက်ဆံနေကြတဲ့ တိုင်းပြည်တွေကိုလည်း သတိပေးဖို့၊ တကယ်လို့ သူတို့ဆက်ဆံမှုတွေဟာ မင်းအောင်လှိုင် အခုလို အကြမ်းဖက်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေအတွက်ကို အားပေးအားမြှောက်ဖြစ်နေတယ်ဆိုတဲ့ အခြေအနေတခု၊ အိမ်နီးချင်းတိုင်းပြည်တွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ကို US အနေနဲ့ သတိပေးဖို့၊ မိတ်ဆွေနိုင်ငံတွေနဲ့ပေါင်းပြီးတော့မှ လေယာဉ်ဆီ တင်ပို့နေတဲ့ကိစ္စတွေကို မဟာမိတ်တွေနဲ့ပေါင်းပြီးမှ တင်းကျပ်ပေးဖို့၊ ထိထိရောက်ရောက် အရေးယူပေးဖို့၊ အဓိက အဲဒီအချက်တွေပေါ့နော်” လို့ ပြောပါတယ်။
တိုက်တွန်းစာ ဒုတိယအပိုင်းမှာတော့ စစ်အာဏာရှင်ရဲ့ အတုအယောင်အစိုးရအာဏာရှင်စနစ်ကို ပုံမှန်အခြေအနေအဖြစ် သတ်မှတ်လာတဲ့ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် ထိုင်း၊ အိန္ဒိယ၊ တရုတ် တို့ကို အမေရိကန်အစိုးရက သံတမန်ရေးအရ ဆွေးနွေးတိုက်တွန်းတာတွေပြုလုပ်ဖို့၊ စစ်ရာဇဝတ်မှု တွေကို စုံစမ်းစစ်ဆေးဖို့၊ သက်သေအထောက်အထားတွေ တောင်းဆိုရယူဖို့ စတဲ့ တိုက်တွန်းချက် တွေ ပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “ကျောက်တော်လေကြောင်း တိုက်ခိုက်မှုပေါ့နော်၊ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်တာက အပြစ်ပေးအရေးယူခြင်းကနေ သူက လွတ်မြောက်လာတဲ့အခါကျတော့ ပိုသထက်ပိုတိုးပြီးတော့ သူက လက်ရဲဇက်ရဲဖြစ်လာတယ်။ သားသတ်လိုင်စင်သက်တမ်းဟာ ပိုတိုးပြီးတော့ ရလာတယ်လို့ သူက မှတ်ယူပြီးတော့ တဘက်မှာလည်း ငြိမ်းချမ်းရေးကမ်းလှမ်းတယ်ပေါ့ဗျာ။ မီးစတဖက် ရေမှုတ်တဖက်ပေါ့။ အဲဒီအတွက်ကြောင့် တကယ်တမ်းမှာ အမေရိကန်အစိုးရက သူ့ရဲ့လုပ်ပိုင်ခွင့်တွေ၊ ဩဇာတွေ၊ သံတမန်ရေးအရရော၊ နိုင်ငံရေးအရရော၊ ဒါတွေအများကြီး သူ့မှာလုပ်ပိုင်ခွင့်ရှိတယ်ဗျာ။ နိုင်ငံရေးမျိုးဆက်တွေကိုပါ မျိုးတုံးသတ်ဖြတ်နေတာသည် ပြည်တွင်း ဒေသတွင်း နိုင်ငံတကာက အဲဒါကို သိလည်းသိတယ်၊ မြင်လည်းမြင်တယ်၊ ကြားလည်းကြားတယ်၊ ပြစ်တင်ပါတယ်၊ ရှုတ်ချပါတယ်၊ စိုးရိမ်ပူပန်ပါတယ်၊ အဲဒါတွေက တကယ်ကြတော့ အဖြေလည်းမဟုတ်ဘူး။ အဲဒီအပေါ်မှာ အမေရိကန်အစိုးရအနေနဲ့ သူ့ကို နိုင်ငံရေးအရလည်း ဒေသတွင်းနဲ့ နိုင်ငံတကာကို ပြတ်ပြတ်သားသား ဖိအားပေးဖို့လိုသလို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ဒီထက်ပိုတိုးပြီးတော့ လုပ်ဖို့လိုတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ဒေသတွင်းမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြောင့် စစ်အာဏာရှင်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တို့မှာ အမှုရင်ဆိုင်နေရပြီး အဲဒီအမှုနဲ့ပဲ အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ထားတာပါ။
ဒါ့အပြင် ရခိုင်ပြည်နယ်ဒေသဟာ နိုင်ငံတကာပထဝီနိုင်ငံရေးအရ အရေးပါတဲ့နေရာ ဖြစ်လာတာ ကြောင့် နိုင်ငံတကာက စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်နေတဲ့ နေရာဖြစ်တာကို သိလျက်နဲ့ စစ်အာဏာရှင်ဟာ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုကို ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။










