
ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှုမှာ စပယ်ယာ မပါတဲ့ကားတွေ ရှိလာပေမယ့် ခရီသည်အများစုက စပယ်ယာတဲ့ ကားတွေကိုပဲ ရွေးချယ် စီးနင်းနေကြပါတယ်။
ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှုက အပြောင်းအလဲတွေ လုပ်နေပေမယ့် ခရီးသည်တွေအနေနဲ့ ပုံစံအဟောင်းမှာပဲ အသားကျနေကြတာပါ။
ရန်ကုန်ဘတ်စ်ကားစနစ်မှာ စပယ်ယာပါတဲ့ ကားတွေ ရှိသလို စပယ်ယာမပါပဲ ကိုယ်တိုင် ငွေပုံးထဲကို ထည့်ရတဲ့ ကားလိုင်းတွေလည်း ရှိပါတယ်။
ရွေးချယ်စရာရှိရင်တော့ ခရီးသည် အများစုက စပယ်ယာပါတဲ့ ကားကိုပဲ စီးနင်းကြတယ်လို့ ဆိုပါတယ်။
ခရီးသည်တစ်ယောက်ဖြစ်တဲ့ မညိုပြာလွင်က “စပယ်ယာပါတဲ့ကားက အဆင်ပြေတယ်။ ကိုယ်က ဘာမှတ်တိုင်ပြီး ဘာမှတ်တိုင်လာတယ်ဆိုတာ သေချာ မသိဘူးလေ။ သွားနေကျ လမ်းကြော မဟုတ်ရင် ပြောတာပါ။ စပယ်ယာမပါတဲ့ ကားလည်းတမျိုးကောင်းတာပဲ။ ပိုပြီးစည်းကမ်းရှိတာပေါ့။ လူတွေရဲ့ အကျင့်စာရိတ္တကို လေ့ကျင့်ပေးသလိုပေါ့” လို့ ပြောပါတယ်။
စပယ်ယာ မပါတဲ့ ကားတွေက အဲကွန်းကားတွေဖြစ်တာကြောင့် လမ်းကြောင်း သိသူတွေ စီးနင်းကြပေမယ့် အဲကွန်းမပါတဲ့ကားတွေမှာ စပယ်ယာက လူခေါ်တာကြောင့် စီးနင်းသူများတာကို တွေ့ရပါတယ်။
“ကျနော့်အမြင်ပြောရရင်တော့ စပယ်ယာမပါတဲ့ ကားက အဆင့်မြင့်တာပေါ့။ ရာသီဥတုပူရင် အဆင်ပြေတာပေါ့။ ကောင်းတာကတော့ စပယ်ယာတွေက ကောင်းကောင်းမွန်မွန် ဖြစ်ဖို့ပေါ့” လို့ ခရီးသည်တစ်ယောက်ဖြစ်တဲ့ ကိုစည်သူလွင်က ပြောပါတယ်။
ကိုကျော်ကိုကိုဦးကလည်း “စပယ်ယာ မပါတဲ့ကားက စီစီတီဗွီ ကင်မရာတွေပါတော့ ပိုပြီး လုံခြုံတယ်။ အဲကွန်းပါတယ်။ စပယ်ယာပါရင်တော့ ပိုကောင်းတာပေါ့” လို့ ပြောပါတယ်။
ပိုပြီး ယဉ်ကျေးတဲ့၊ စည်းကမ်းမဖောက်တဲ့ စပယ်ယာနဲ့ ယာဉ်မောင်းတွေ ဖြစ်စေချင်တယ်လို့လည်း ခရီးသည်တွေက ပြောပါတယ်။
ဘတ်စ်ကားစနစ်ပြောင်းတာ သုံးလကျော်ခဲ့ပေမယ့် ခရီးသည်တွေကို သတင်းအချက်အလက်တွေ လုံလုံလောက်လောက် မပေးနိုင်သေးဘူးလို့ လွှတ်တော် ကိုယ်စားလှယ် တချို့က ဝေဖန်ထောက်ပြထားပါတယ်။ ရန်ကုန်မှာ နေ့စဉ် ဘတ်စ်ကား စီးနေသူဦးရေ သိန်း ၂၀ ကျော် ရှိတာပါ။











