DVB Logo
Home
မြန်မာသတင်း
သူရဦးတင်ဦး ကျန်းမာရေးအခြေနေ တိုးတက်ကောင်းမွန်လာဟု ရန်ကုန်ဆေးရုံအုပ်ကြီးပြော
DVB
·
May 20, 2017
သူရဦးတင်ဦး ကျန်းမာရေးအခြေနေ တိုးတက်ကောင်းမွန်လာဟု ရန်ကုန်ဆေးရုံအုပ်ကြီးပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးရဲ့ ကျန်းမာရေးအခြေနေ တိုးတက်ကောင်းမွန်လာနေပြီလို့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောကြားလိုက်ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေရတဲ့ အန်အယ်လ်ဒီ နာယကကြီးသူရဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး မနေ့က သတင်းစာရှင်းလင်းပွဲလုပ် ပြောကြားလိုက်တာပါ။

ဒေါက်တာ အေးကိုကိုက “ဦးနှောက်ကို ပို့တဲ့သွေးကြော သွေးခဲ ပိတ်ဆို့တာကြောင့် လဲကျသွားတယ်လို့ ယူဆရတယ်။ နာယကကြီးက အရင်က သွေးတိုးအခံ၊ နှလုံးရောဂါအခံလည်း ရှိတယ်။ ဒါကြောင့် ဒီလိုဖြစ်တာပါ။ မနေ့ကထက်စာရင် အတော်တိုးတက်လာတာ တွေ့ရတယ်” လို့ ပြောပါတယ်။

ဦးတင်ဦးဟာ ၃၆ နာရီအတွင်းမှာ ဘယ်ဘက်အခြမ်း လှုပ်နိုင်လာပြီဖြစ်ပေမယ့် စကားတော့ မပြောနိုင်သေးကြောင်း ဦးနှောက်နှင့်အာရုံကြော ဆေးကုဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ၀င်းမင်းသစ်က ပြောပါတယ်။

“သွေးကြော ၃ ကြောမှာ တကြောပိတ်သွားတယ်။ တကြောပိတ်သွားတဲ့အတွက်ကြောင့် သူ့ရဲ့ ခန္ဓာကိုယ်မှာရယ်၊ ဦးနှောက်မှာရယ်က လှုပ်ရှားမှုက သာမန်လူလို မလှုပ်ရှားနိုင်ဘူး။ သွေးကြောပိတ်တယ်ဆိုတာက ဦးနှောက်မှာ အောက်စီဂျင်မရတော့ဘူး။ အောက်စီဂျင်မရတော့ဘူးဆိုတော့ ကျန်တဲ့ ဦးနှောက်ကလုပ်နိုင်တာတွေ အကုန်လုံး မလုပ်နိုင်သေးဘူး။ အဲဒီအချိန်မှာ လူကလည်း ယိမ်းယိုင်နေတယ်ဆိုတဲ့အတွက်ကြောင့် တချို့ဆေး လေးတွေလည်း ပေးထားတာတွေ ရှိတယ်ပေါ့နော်။ ပြီးတဲ့အခါ ဦးနှောက်ကို သွေးမသွားတဲ့အခါကျတော့ သူတကယ် လေဖြတ်တာက ညာဘက်တခြမ်းလုံး လေဖြတ်တယ်။ အန်ကယ်ကြီးက ညာသန်ဆိုတော့ ညာသန်တွေအားလုံးကို ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်းကနေ တာဝန်ယူပြီးတော့ လုပ်ဆောင်ပေး တာပေါ့နော်။ စကားပြောဖို့၊ လက်လှုပ်ရှားဖို့၊ အစာစားဖို့ ဒါတွေအားလုံးကို ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်းကနေ လုပ်တာ။ အဲဒီတော့ ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်းမှာ လေဖြတ်သွားတော့ ညာသန်တွေဟာ ညာဘက်တခြမ်းလုံး မလှုပ်နိုင်ဘူးပေါ့။ နောက်ပြီးသူစကား ပြောလို့မရဘူး။ အစာစားလို့မရဘူး။ ခြေလက်လှုပ်ရှားလို့မရဘူးပေါ့။ စတက်တက်ချင်းအချိန်တုန်း ကတော့ ကျမတို့ဆေးရုံစရောက်ချိန်ကတည်းက ဒီအချိန်ထိဆိုရင် ၃၆ နာရီပဲရှိသေးတယ်။ သူတကယ် ဖြစ်တာ နာရီ ၄၀ လောက်ပေါ့။ အဲဒီတော့ ၃၆ နာရီအတွင်းမှာတော့ မနေ့က မလှုပ်ရှားနိုင်တဲ့ ဘယ်ဘက်အခြမ်းကလည်း အခုလှုပ်ရှားလာနိုင်ပြီ။ မနေ့က ကျမတို့မေးတာကို သူမဖြေနိုင်ပေမယ့်လည်း စကားတော့ ပြောလို့မရသေးဘူးပေါ့။ အခု ကျမတို့နဲ့ ဆက်သွယ်လို့ရနိုင်မယ့် အခြေအနေမျိုးလေးတွေ ရှိလာပြီ။ သူ ပထမ တက်တက်ချင်း ဆီးသွားချင်တာ ဘာညာ မသိဘူး။ ဒီနေ့ ညနေကစပြီး ကျမတို့ဆေးရုံရောက်ပြီး ၁၂ နာရီ အချိန်ကြာမြင့်ပြီးနောက် ပိုင်းမှာ သူဆီးသွားချင်တယ်လို့ ပြောနိုင်လာတယ်။ ဒီနေ့မနက်လည်း သူ့ကို လက်မြှောက်ပြပါဆို မြှောက်ပြနိုင်တယ်။ ဒါက ကောင်းတဲ့ဘက်ကတော့ သူအားလုံးလုပ်နိုင်လာပြီ။ ဒီလေဖြတ်သွားတဲ့ ဘက်ကတော့ ဘယ်သူမှ ဒီလိုအခြေအနေမျိုးမှာ ချက်ချင်းကောင်းတယ်ဆိုတာ မရှိပါဘူး။ လေဖြတ်တယ်ဆိုတာ ချက်ချင်း အခုဆေးကု အခုကောင်းတဲ့ဟာမျိုး မဟုတ်ဘူး။ သူက အသက်ကလည်း ကြီးပြီဆိုတော့ တဖြည်းဖြည်းချင်းပေါ့ ကျမတို့ လုပ်ယူရမယ်။”

သူရဦးတင်ဦး ကျန်းမာရေးကောင်းမွန်လာစေဖို့အတွက် ရန်ကုန်၊ မန္တလေးနဲ့ တခြားနယ်မြို့တွေမှာ ဝန်ကြီးချုပ်တွေအပါအဝင် ပါတီဝင်တွေက ဆုတောင်းပွဲတွေ ကျင်းပနေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးဟာ မေ ၁၇ ရက်ည ၁၁ နာရီကျော်လောက်က သူ့ရဲ့ နေအိမ် ရေချိုးခန်းမှာ ချော်လဲထိခိုက်ဒဏ်ရာရရှိ သတိလစ်သွားခဲ့တာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြော အထူးကြပ်မတ်ကုသဆောင်မှာ  ဆေးကုသမှုခံနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013