
မြန်မာပြည်တွင်းမှာ စက်သုံးဆီအကျပ်အတည်းနဲ့ လေယာဉ်ဆီ အခက်အခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်းခရီးစဉ်အများစုလည်း ရပ်နားထားရသလို အဝေးပြေး ကားလက်မှတ် ဈေးနှုန်း တွေလည်း ၂ ဆနီးပါး မြင့်တက်လာနေပါတယ်၊။
လေယာဉ်ဆီ မလုံလောက်တာကြောင့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) က မတ် ၂၀ ရက်ကစပြီး ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ခေတ္တရပ်နားထားပြီး ဘန်ကောက်နဲ့ စင်ကာပူလို ပြည်ပခရီးစဉ်တွေကိုသာ ဆက်လက် ပြေးဆွဲနေပါတယ်။
ဒါ့အပြင် Air Thanlwin အပါအဝင် လေကြောင်းလိုင်းတချို့က ပြည်တွင်းခရီးစဉ် လက်မှတ် ရောင်းချမှုတွေ ရပ်ဆိုင်းထားပြီး ခရီးသည်တွေ အခက်အခဲ ကြုံတွေ့နေကြပါတယ်။
ပြည်တွင်းခရီးသွားအေဂျင်စီ လေယာဉ်လက်မှတ် အရောင်းဝန်ထမ်းတယောက်က “၂၃ ရက်နေ့အထိ အကုန်လုံး Cancel ဖြစ်တယ်။ နောက်ရက်တွေတော့ တရားဝင် မကြေညာသေးဘူး။ ခရီးသည်တွေ လည်း အဆင်မပြေဘူး။ တချို့ကျတော့ အသွားအပြန် ဖြတ်ထားကြတာလေ။ အသွား သွားပြီးသား သူ ရှိတယ်။ အပြန်ဖြတ်ထားသူ ရှိတယ်။ အပြန် ဖြတ်ထားသူတွေကျတော့ သူတို့ဆီကနေ ဒီမြို့ကို ပြန်လာဖို့ကျတော့ အဆင်မပြေတော့ဘူး။ ဘယ်ကာလအထိ ပိတ်တယ်ဆိုတာ မသေချာဘူး ဆိုတော့ ၂၃ ရက်အထိ ပိတ်တယ်လို့ ကြေညာထားပေမဲ့ နောက်ရက်တွေလည်း သိပ်သေချာ ရေရာမှု မရှိဘူး။ မန်းရတနာပုံလေကြောင်းလိုင်းဆို ပိတ်သွားပြီ။ နစ်နာတယ်။ အဓိက နစ်နာတာကတော့ ပိုက်ဆံ စိုက်လျော်ရမှာပေါ့။ ခရီးသည်တွေအတွက် စက်ထဲက တိုက်ရိုက် ပြန်မပေးတဲ့အတွက် ကိုယ့်ဆီမှာ ဖြတ်တဲ့သူ မှန်သမျှ ကျမတို့ စိုက်လျော်ထားရမှာပေါ့။ ဒီ ၂၁ ရက် တရက်တည်းစာအတွက်ကို သိန်း ၁၀၀ လောက် ရှိတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးဆီ အလွယ်တကူ ဝယ်မရတဲ့ အကျပ်အတည်းနဲ့ စက်သုံးဆီဈေးနှုန်း မြင့်တက် လာတာကြောင့် အဝေးပြေးယာဉ်လိုင်းတွေရဲ့ကားလက်မှတ် ဈေးနှုန်းတွေလည်း ၂ ဆ နီးပါး မြင့်တက်လာတယ်လို့ ကားလက်မှတ် အရောင်းဌာနတွေဆီက သိရပါတယ်။
ရန်ကုန်- နေပြည်တော်၊ ရန်ကုန် - မန္တလေးလို အဓိကမြို့ကြီးတွေကိုသွားတဲ့ အဝေးပြေး ကားလက်မှတ် ဈေးနှုန်းဟာ အရင်က ပုံမှန် ကျပ် ၂၅,၀၀၀၊ ၃၅,၀၀၀ ဝန်းကျင် ရှိခဲ့ရာကနေ အခုအခါ ကျပ် ၄၅,၀၀၀ ကနေ ၆၅,၀၀၀ လောက်အထိ ဈေးမြင့်တက်လာတယ်လို့ ဆိုပါတယ်။
ကားလက်မှတ်အရောင်း တာဝန်ရှိသူတယောက်က “ကားလက်မှတ်တွေက အခုဆိုရင် အသွားအပြန် ကို ၁၂၀,၀၀၀ လောက်ကျနေပြီ။ အရင်ဆိုရင် ခေတ်အဆက်ဆက် ပြောင်းလာတာ ၁၂,၀၀၀ ကနေ ၂၀,၀၀၀၊ ၂၅,၀၀၀ ကနေ ၃၀,၀၀၀၊ အခုဆိုရင် မယုံနိုင်လောက်အောင် ဖြစ်သွားပြီ။ ၆၅,၀၀၀တို့၊ ပုံမှန်အထူးကားဆို ၃,၃၀၀၀ လောက်နဲ့ သွားလို့ရတာက အခုဆို ၆၅,၀၀၀ လောက်မှ သွား လို့ရတယ်။ အဲဒီတော့ အိမ်ပြန်ဖို့တောင် လက်ထဲမှာ ပိုက်ဆံက အသွားအပြန် ၁၂၀,၀၀၀ ၊ ကျပ် ၁၃၀,၀၀၀ လောက် ဆောင်ထားမှ သွားလို့ရတယ်။ အဲဒီလိုမျိုး ဈေးသိသိသာသာ တက်လာတယ်။ အခု စက်သုံးဆီတွေ လိုသလောက် ဝယ်မရဘူး။ အကန့်အသတ်နဲ့ပဲ ဝယ်နေရတယ်။ နောက်ပိုင်း ပိုပြီး ရှားသွားနိုင်တယ်ဆိုတဲ့သတင်းတွေ ဂယက်တွေကြောင့်ပဲ ဈေးနှုန်းတွေက တောက်လျှောက် တက်လာတယ်လို့ မြင်ပါတယ်”လို့ ပြောပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပဋိပက္ခတွေ ကြောင့် ကမ္ဘာတဝန်း စက်သုံးဆီ ဈေးနှုန်းတွေ မြင့်တက်နေပြီး ရန်ကုန်မှာလည်း တပတ်အတွင်း ဓာတ်ဆီ တလီတာ ကျပ် ၃၀၀ ကျော်နဲ့ ဒီဇယ်တလီတာ ကျပ် ၅၀၀ ကျော် စျေးတက်လာပါတယ်။
လက်ရှိ စက်သုံးဆီဈေးတွေ သိသိသာသာ မြင့်တက်နေပြီး ရန်ကုန်မှာ 92 Ron တလီတာ ကျပ် ၃၆၀၀ ကျော်၊ 95 Ron တလီတာကို ကျပ် ၃၈၀၀ ကျော်အထိ ရောက်ရှိနေပါတယ်။ ဒေသအလိုက် ဈေးကွာခြားမှုတွေကြောင့် မန္တလေးနဲ့ တခြားမြို့တွေမှာ ရန်ကုန်ထက် ဈေးပိုမြင့်တက်နေပါတယ်။
ဇွဲသစ်











