DVB Logo
Home
မြန်မာသတင်း
မန်​ပန်​ပြည်​သူ့စစ်​ စစ်​သားစု​ဆောင်းမှုကြောင့် ​ဒေသခံများ ထွက်ပြေးတိမ်းရှောင်
DVB
·
May 19, 2017
မန်​ပန်​ပြည်​သူ့စစ်​ စစ်​သားစု​ဆောင်းမှုကြောင့် ​ဒေသခံများ ထွက်ပြေးတိမ်းရှောင်
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်နဲ့ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၊ နမ့်ပေါင် တိုက်နယ်ဒေသတွေမှာ မန်ပန်ပြည်သူ့စစ်အဖွဲ့က စစ်သားစုဆောင်းနေလို့ ဒေသခံတွေ အခက်တွေ့နေကြပြီး အချို့က ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ မေလကုန်ပိုင်းတွင် နမ့်ပေါင်တိုက်နယ် မန်ပန်ပြည်သူ့စစ်က သူတို့ လှုပ်ရှားနေတဲ့ ဒေသတဝိုက်ရှိ ကျေးရွာတွေကို အုပ်စုတစုလျှင် လူဦးရေ ၃၀-၄၀ အထိ စုဆောင်းပေးပြီး မေလ ၁၀-၁၃ ရက်နေ့မှာ လာရောက်အံနှံပေးဖို့ စာပို့ထားတယ်လို့ သိရပါတယ်။

မန်ကောင်းမူး ဒေသခံတစ်ဦးက “သူတို့ ကောက်တဲ့ပုံစံက တရွာကို ၂ ယောက်၊ ကျနော်တို့ မန်ကောင်းမူး အုပ်စုကတော့ စုစုပေါင်း ၄၈ ယောက်ကို ၁၄ ရက်နေ့တုန်းက ပို့လိုက်ပြီ။ သူတို့နောက်ဆုံးပိုခိုင်းတာက ၁၃ ရက်နေ့။ လူမစုနိုင်လို့ ၁၄ ရက်နေ့မှ ပို့လိုက်ရတယ်။ သူတို့ပြောတာကတော့ တအာင်းအဖွဲ့ဖြစ်ဖြစ် ရှမ်းအဖွဲ့ဖြစ်ဖြစ် လာရင် တိုက်မယ်တဲ့ သူတို့ ဗိုလ်မှူးကပြောတာ။ ကောက်တဲ့ ရွာတွေကတော့အများကြီး ၅၀ ကျော်လောက်ရှိတယ်။ ခုပါသွားတာ ၁၂ နှစ်တွေရော၊ ၄၀ ကျော်တွေရောပါတယ်။ အဖေမရှိရင် သားကိုခေါ်တာလေ။ ဒီမန်ကောင်းမူးရွာဆို ယောက်ကျားလေးတွေ မရှိတော့ဘူး။ ပိုက်ဆံရှိတဲ့လူတွေက အိမ်တောင် ရွှေ့ကုန်ကြပြီ" လို့ပြောပါတယ်။

မန်ပန်ပြည်သူစစ်ဟာ လားရှိုးမြို့နယ်နဲ့ တန်ယန်းမြို့နယ်တွေမှာ အခြေချထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

“ခုကောက်တာက သူတို့ ဘယ်အိမ် ဘယ်သူ ဘယ်နှစ်ယောက်ဆိုပြီးပါလာတယ်။ အဲဒါကြောင့် အချို့ကလည်း ထွက်ပြေးကုန်ပြီ။ နမ့်မူဆယ်ရွာမှာဆို မင်္ဂလာဆောင်ဖို့ လုပ်ထားတဲ့ သတို့သားတောင် သူစစ်ထဲသွားရမှာဆိုပြီး မင်္ဂလာမဆောင်ဘဲ ထွက်ပြေးသွားတယ်” လို့ တန့်ယန်းမြို့နယ် နောင်လိုင်ရွာသားတဦးက ပြောပါတယ်။

မန်ပန်ပြည်သူ့စစ်က မိုင်းယော်ဒေသတွင်း တပ်သားစုဆောင်းခြင်းခံရတဲ့ ကျေးရွာအုပ်စုများက ဝမ်မိုင်၊ လုပ်ဝိုင်၊ ဝမ်ကျေး၊ တောနေ၊ ကုန်းသား၊ မိုင်မိုင်၊ နားနန့်၊ ကုန်းရှိုး၊ နားမုံ၊ ကုန်းမုံနှင့် ကုံးမောင်တို့ဖြစ်ပြီး နမ့်ပေါင်ဒေသမှာ ပိန်းညောင်၊ ပန်ဟုန်၊ မိုင်းကျန်၊ နမ့်ဟူးလွယ်ကာ၊ ပန်းညောင်း၊ ပန်နွဲ့(နားနိမ်)၊ နမ့်မူဆယ်ဒေသမှာ နောင်လှိုင်၊ နမ့်ဟူးနောင်လှိုင်၊ ပန်ယောင်/ပါဖာ၊ ကောင်းဆန်(မန်ပန်)၊ မန်ပန်ကောင်းမူး၊  ကုံမုံ၊ မိုင်းပတ်၊ ဟိုပတ်၊ စတဲ့ ကျေးရွာအုပ်စုတွေ ပါဝင်တယ်လို့ သိရပါတယ်။

မန်ပန်ပြည်သူ့စစ်က တပ်သားစုဆောင်းနေတာ မှန်ကန်ကြောင်း အမျိုးသားလွှတ်တော် စိုင်းဝမ်းလျန်ခမ်းက ပြောပါတယ်။

“သူတို့ စုဆောင်းတာက မှန်ပါတယ်။ အခုထိတော့ တချို့ရွာတွေတော့ မသွားရသေးဘူး။ မန်ပန်ပြည်သူ့စစ် အကြီးအကဲတွေနဲ့လည်း သွားတွေ့ပါတယ်။ သူတို့လည်းအောက်ခြေကို ပြန်ည္မန်ကြားပေးပါမယ်လို့ ပြောတယ်။ စစ်သားစုဆောင်းဖို့ မလုပ်ဖို့ပေါ့။ ဒါပေမယ့် ခုချိန်ထိတော့ အကျိုးသက်ရောက်မှုမရှိသေးဘူး။ သူတို့ ကောက်နေတုန်းပဲ။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူတွေကို သွားမပို့ဖို့ပြောတယ်။ ဒါပေမယ့် ပြည်သူတွေက ကြောက်နေလို့ သူတို့ သားသမီးတွေကို သွားပို့နေကြတုန်းပဲ။ မန်ပန်အထက်လူတွေကတော့ ညွှန်ကြားမယ်လို့ ပြောပေမယ့် အောက်ခြေလူတွေက စာပို့ပြ်ီးတော့ လူစုဆောင်းနေတုန်းပဲ။ သွားဆွေးနွေးတုန်းက လွန်ခဲ့တဲ့ သုံးလေး ရက်နေ့ကပါ" လို့ ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ မန်ပန်ပြည်သူ့စစ် ဆက်ဆံရေးအရာရှိ ဦးဆန်ဘရာက “ကျနော်တို့က စစ်သားအသစ်စုဆောင်းတာ မဟုတ်ဘူး။ ကျနော့်ဆီမှာ တရားဝင်ပြည်သူ့စစ် ဥပဒေဘောင်အတွင်းမှာ လုပ်တဲ့ လက်နက်ကိုင်ချင်လို့ စိတ်ဝင်စားရင် ဝင်ရောက်ဖို့ စည်းရုံးခိုင်းထားပါ။ တခြားနေရာ မရောက်အောင် အလုပ်လက်မဲ့မဖြစ်အောင် လုပ်ပေးတဲ့သဘောပါ။ လူသစ်လည်း မလိုပါဘူး။ လူလည်း ရှိနေတယ်လေ။ သူတို့ ဝါသနာပါလို့ လုပ်ချင်ရင် အသက်ကြီးတဲ့လူတွေကို နားခိုင်းတော့မယ်လေ။ အရင်တုန်းက လုပ်နည်းလုပ်ဟန် မလုပ်ခိုင်းဘူး။ စည်းရုံးခိုင်းတာပါ။ သူတို့ကို အလုပ်အကိုင်မရှိ စိတ်နေလေမှာဆိုးလို့ စည်းရုံးခိုင်းတာပါ။ အသစ်တော့ ကျနော်တို့ မတိုးချဲ့နိုင်တော့ပါဘူး။ ဒါပေမယ့် အောက်ခြေမှာ နည်းနည်းလေး လွဲကောင်းလွဲမှားနိုင်တယ်။ ကျနော်တို့လည်း ပြန်ပြောလိုက်ပါပြီ။ ပြည်သူတွေကိုလည်း စိတ်မပူပါနဲ့လို့။ ဥပဒေဘောင်အတွင်းပဲ လုပ်တာပါ။ မစိုးရိမ်ပါနဲ့ စည်းရုံးခိုင်းတာက နယ်မြေအကုန်လုံးပါ။ ခုဖြစ်ပုံက အောက်ခြေနဲ့ အထက် နည်းနည်း လွဲသွားတာပါ" လို့ ပြောပါတယ်။

နိုင်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013