
မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်း (ရန်ကုန်)က နေပြည်တော်မှာ လူအင်အား ၁၅၀၀၀ လောက်နဲ့ ဆန္ဒပြမယ့်အစီအစဉ် သဘောတူညီချက်မရတဲ့ အကြောင်း နေပြည်တော်ကောင်စီ ဥတ္တရခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ပါတယ်။
မနက်ဖြန် မေလ ၂၀ ရက်နေ့ကျရင် နေပြည်တော်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပြုဖို့အတွက် မြန်မာဗုဒ္ဓဘာသာနိုးကြားရေး အသင်း (ရန်ကုန်) မှ ဦးကျော်မျိုးသက်က လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ဦးဝီရသူအပေါ် လူမှုကွန်ရက်မှာ ရေးသားခဲ့တာနဲ့ ပတ်သက်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ တုံ့ပြန် ဆောင်ရွက်ချက်ကြောင့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဆန္ဒပြဖို့ စီစဉ်တာလို့ ဦးကျော်မျိုးသက်က ဒီဗွီဘီကိုပြောပါတယ်။
“သာသနာရေးဆိုင်ရာ ထိခိုက်နစ်နာချက်တွေကို အခြေခံပြီး ကျနော်တို့ ဆန္ဒပြမှာပါ။ ထိခိုက်နစ်နာမှုတွေထဲက တခုက ဘာလဲဆိုရင် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက အင်တာဗျူးတခုမှာ ဆရာတော် ဦးဝီရသူနဲ့ပတ်သက်ပြီးတော့ သုံးနှုန်းသွားတာတွေရှိတယ်။ အဲဒါတွေက ဆရာတော်ကို ထိခိုက်သလို သာသနာတော်ကို ညှိုးနွမ်းမှုထိုက်တဲ့အရာတွေ ဖြစ်တယ်၊ နောက် ၀န်ကြီးတစ်ယောက်က တရားရုံးတောင်မရောက်သေးဘူး၊ ရေလာမြောင်းပေး နိမိတ်ပြကြေညာချက်မျိုးတွေ ထုတ်လိုက်တယ်။ အဲလိုထုတ်တာနဲ့ အမျှပဲ အခုဟာက ပြစ်မှု မမြောက်တဲ့ ပုံစံမျိုးနဲ့ တရားရုံးတောင်မရောက်ပဲနဲ့ ဒီအမှုက ပလပ်ခံလိုက်ရတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့တွေ လုပ်ဆောင်ကြတာ။”
ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြမယ့် ခေါင်းဆောင်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမမှာ မနေ့မွန်းလွဲပိုင်းက တွေ့ဆုံညှိနှိုင်းခဲ့ကြရာမှာ ဆန္ဒပြသူတွေ လာရောက်မယ့်လမ်းကြောင်း၊ ဆန္ဒပြမယ့်နေရာ၊ ကြာမြင့်ချိန်၊ အသုံးပြုမယ့်ပိုစတာ၊ ဆိုင်းဘုတ်နဲ့ ကြွေးကြော်သံစာသားတွေကို သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဒါပေမယ့် ဆန္ဒပြမယ့် လူအင်အားနဲ့ပတ်သက်လို့ အယောက် ၃၀၀ လောက်နဲ့ ဆောင်ရွက်ဖို့ အစိုးရဘက်က ညှိနှိုင်းခဲ့ပေမယ့် ဦးကျော်မျိုးသက်နဲ့အဖွဲ့က အင်အား ၁၅၀၀၀ လောက်စုဝေးခွင့်ပြုဖို့ တောင်းဆိုခဲ့ပြီး ဆက်လက်ဆွေးနွေး ညှိနှိုင်းခြင်း မပြုတော့တာကြောင့် နှစ်ဘက် သဘောတူညီမှု မရရှိခဲ့ဘူးလို့ ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူးရုံးက မေ ၁၈ ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။
ခုလို လူဦးရေ ကန့်သတ်တဲ့ ကိစ္စကို လက်မခံနိုင်တဲ့အကြောင်း မြန်မာဗုဒ္ဓဘာ သာနိုးကြားရေးအသင်း (ရန်ကုန်)က ဦးကျော်မျိုးသက်ကပြောပါတယ်။
“သူတို့က ညှိနှိုင်းတာမဟုတ်ဘူး။ ဆုံးဖြတ်ထားတယ်ဆိုတဲ့ပုံစံမျိုးပြောတယ်ဗျ၊ နောက်ဆုံးကျတော့ အဖြေသိအောင်မေးလိုက်တယ်။ အင်အား ၃၀၀ ကန့်သတ်တာ ဘယ်သူကန့်သတ်တာလဲ။ ဘယ်ဌာန၊ ဘယ်အဖွဲ့အစည်း၊ ဘယ်အစည်းဝေးက ကန့်သတ်တာလဲလို့ ကျနော်တို့မေးတယ်။ မေးတော့ ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးက ကန့်သတ်တာတဲ့။ ကျနော်တို့ တင်ပြီး နောက်နေ့မှ ကန့်သတ်လိုက်တဲ့ သဘော၊ ကျနော်တို့ကို ပြောတဲ့အထဲမှာ ၂၄ ၇က်နေ့ ပင်လုံညီလာခံ ရှိတဲ့ အတွက်ကြောင့်မို့လို့ မပါဘူး။ ကျနော်ပြောချင်တာက ကျနော်တို့ မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲကို လူဦးရေ ကန့်သတ်တာက အရပ်သား အစိုးရဖြစ်ပြီးနောက်ပိုင်းမှာ ဒါပထမဦးဆုံးပဲ နိုင်ငံသား အခွင့်အရေးအရ အများကြီးနစ်နာတယ်။ ကျနော်တို့ ခွင့်ပြုချက်က တင်ထားပြီးသွားပြီ၊ ငြင်းပယ်ကြောင်းလည်း မရှိဘူး။ ခွင့်ပြုချက်က ပေးပြီးသား။ လူဦးရေ သူတို့က ၃၀၀ ကန့်သတ်တယ်။ အဲဒီအပေါ်မှာ သဘောတူပါတယ်လို့ ကျနော်တို့ ၀န်မခံထားခဲ့ဘူး။”
လတ်တလော မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်းဝင်တွေ စုစည်းပြီး နေပြည်တော်ကို သွားရောက်နေပြီး အများရဲ့ဆန္ဒခံယူကာ အကောင်းဆုံးအဖြေရှာ ဆက်လက်လုပ်ဆောင်သွား မယ်လို့ ဆန္ဒပြပွဲစီစဉ်နေသူတွေက ပြောပါတယ်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကတော့ ငြိမ်းချမ်းစွာစုဝေးစီတန်းလှည့်လည်တာကို ဥပဒေနှင့်အညီ စနစ်တကျကျင်းပနိုင်ဖို့ နှစ်ဘက်အပြန်အလှန် နားလည်မှုရှိစွာနဲ့ ဆွေးနွေးညှိနှိုင်းကြဖို့ လိုတဲ့ အကြောင်းနဲ့ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ အများပြည်သူ တည်ငြိမ်အေးချမ်းရေးတို့အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။











