DVB Logo
Home
မြန်မာသတင်း
သထုံတွင် မုန်တိုင်းဘေးအန္တရာယ် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် (သတင်းဓာတ်ပုံ)
DVB
·
May 19, 2017
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာမှာ မေ ၁၇ ရက်နေ့နဲ့ မေ ၁၈ ရက်နေ့က မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ကြပါတယ်။

မွန်ပြည်နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေက “မြန်မာနိုင်ငံအတွင်း မိုးရာသီကာလ ရောက်ရှိလာတာကြောင့် မုန်တိုင်း ဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါ အများပြည်သူ အသက်အိုးအိမ် မပျက်စီးစေရေးအတွက် ကြိုတင်ကာကွယ်မှုအနေနဲ့ ဇာတ်တိုက် လေ့ကျင့်မှု ပြုလုပ်ရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြို့နယ်အလိုက် သဘာဝဘေး တားဆီးရေးကော်မတီတွေ ဖွဲ့ပြီးတော့ အမှန်တကယ် ဖြစ်လာရင် ဒီအဖွဲ့တွေကနေပြီး ပြည်သူတွေကို ဘယ်လို ကယ်ထုတ်မလဲ။ ပြီးရင် ကျန်းမာရေးအတွက် ဘယ်လို ကုသပေးရမလဲ၊ အဖွဲ့အစည်းအသီးသီးကနေ သူတို့ ကဏ္ဍအလိုက် ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာတွေကို လက်တွေ့ လေ့ကျင့်ပေးသွားမှာ ဖြစ်ကြောင်း၊ ပြည်သူတွေကလည်း မုန်တိုင်း သတိပေးချက် ကြားတာနဲ့ လိုက်နာ ဆောင်ရွက်ရမယ့် အချက်တွေကိုပါ တခါတည်း သရုပ်ပြသပေးသွားမယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်က မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမဖြစ်ဘဲ လေပြင်းကျရောက်မှုကြောင့် အိမ်ခြေ ၄၀ လောက် ပျက်စီးခဲ့ပေမယ့် လူသေဆုံးမှု မရှိခဲ့ဘူးလို့ မွန်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးက သိရပါတယ်။

မွန်ပြည်နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုတွေကို ပင်လယ်ကမ်းစပ်၊ မြစ် ချောင်းနဲ့နီးတဲ့ ကျေးရွာတွေမှာ အလေးထား ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒုံဝန်းကျေးရွာမှ ဦးခွန်အောင်ကြည်က “သဘာဝဘေးနဲ့ပတ်သက်ပြီး ခုလို အသိပညာတွေ လာပေးတာဆိုတော့ အများကြီး ဗဟုသုတရပါတယ်။ ဒါတွေကို သိထားတော့လည်း ကိုယ့်ရွာထဲကလူတွေကို ပြန်ပြီးကူညီနိုင်တာပေါ့။ ကျနော်တို့ရွာဆို နှစ်တိုင်း မိုးများရင် ဘီးလင်းမြစ်ရေ တက်တာနဲ့ စိုးရိမ်မှုက မြင့်လာတာပဲ။ နာဂစ်တုန်းကတော့ ရွာမှာ လူနဲ့တိရစ္ဆာန် သေကျေပျက်စီးတာ မရှိခဲ့ပေမယ့် လူနေအိမ်တွေတော့ ပျက်စီးခဲ့တာပေါ့”'လို့ ပြောပါတယ်။

သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပြီး ထိခိုက်ပျက်စီးမှုတွေ ရှိလာပါက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် ကယ်ဆယ်ရေးပစ္စည်း ၂၂ မျိုး ထောက်ပံ့ပေးသွားမယ့်အပြင် နေအိမ်အဆောက်အဦ ပျက်စီးပါက ငွေကျပ် ၁ သိန်းမှ ငွေကျပ် ၂ သိန်း၊ လူသေဆုံးမှု ဖြစ်ပါက ကလေး လူကြီးမရွေး ငွေကျပ် ၃ သိန်း၊ ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရပါက ငွေကျပ် ၅ သောင်း စသဖြင့် ထောက်ပံ့ပေးအပ်သွားမယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013