DVB Logo
Home
မြန်မာသတင်း
ရပ်နားခိုင်းသည့် ကျောက်မီးသွေးမိုင်းကို ဆက်လက်တူးဖော်နေ
DVB
·
May 18, 2017
ရပ်နားခိုင်းသည့် ကျောက်မီးသွေးမိုင်းကို ဆက်လက်တူးဖော်နေ
Donate to DVB

 

ဘန်းချောင်း ကျောက်မီးသွေးတူးဖော်မှုကိုကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က  ယာယီ ရပ်နားခိုင်းပေမယ့် လုပ်ငန်းရပ်နားခြင်းမရှိတဲ့အတွက် ဒေသခံတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဒီကနေ့ သွားရောက်တွေ့ဆုံတိုင်ကြားခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကွမ်းချောင်းကြီးကျေးရွာအနီးက ဘန်းချောင်း ကျောက်မီးသွေးတွင်းကို မြန်မာမေဖလားဝါးကုမ္ပဏီက တူးဖော်ခွင့်ရရှိခဲ့ပေမယ့် ထိုင်းကုမ္ပဏီ East Star ကုမ္ပဏီကို ပြန်လည်လွှဲပြောင်း လုပ်ကိုင်စေခဲ့တာ ဖြစ်ပါတယ်။

ကျောက်မီးသွေးတူးဖော်မှု၊ စွန့်ပစ်မြေစာပုံမှာ မီးလောင်မှုကြောင့် အနံ့ဆိုးတွေ ထွက်ခြင်း၊ ကျောက်မီးသွေးလုပ်ကွက်က စွန့်ပစ်ရေတွေကို ရွာသူရွာသားတွေ အသုံးပြုနေတဲ့ ချောင်းအတွင်း လွှတ်ချတာတွေကြောင့် ဒေသခံ ရွာသားတွေက လုံးဝ အလိုမရှိကြောင်း ကန့်ကွက်ခဲ့ပါတယ်။

ဒီလို ကန့်ကွက်တဲ့ပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ကွင်းဆင်းစစ်ဆေးပြီး မတ်လ ၃ ရက်နေ့မှာ ယာယီရပ်နားထားဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် East Star ကုမ္ပဏီက ၂ ရက်သာ ရပ်နားပြီး လုပ်ငန်းပြန်လည်စတင်တဲ့အတွက် ဒါကို ဒေသခံတွေအနေနဲ့ တိုင်းဒေသကြီးအစိုးရဆီ ပြန်လည်တင်ပြတာလို့ ကထောင်နီကျေးရွာက စောတင်ဦးက ပြောပါတယ်။

“အဓိကကတော့ တိုင်းဒေသကြီးက ခေတ္တ ရပ်ဆိုင်းထားတဲ့ မီးကို ငြိမ်းအောင်လုပ်ပေးပါလို့ ပြောထားတာ၊ သူတို့က မလုပ်တဲ့အတွက် ကျနော်တို့ တိုင်းဒေသကြီးကို သွားပြောမယ်။ အခု သူတို့ ဆက်ပြီးတော့ တူးနေတဲ့ဟာကို သွားပြောမလို့ပါ။ အဓိကကတော့ မီးလည်း မငြိမ်းသေးပါဘူး။ ပြီးတော့ မီးလည်း ထပ်လောင်နေတယ်။ မိုးရွာလေ ပိုဆိုးလေ ဖြစ်နေတယ်။ သူတို့ မြေစာပုံတာက အဲဒီမြေစာက ကျောက်မီးသွေးတွေနဲ့ ရောနေတယ်။ ဒါကြောင့် မြေစာပုံတွေ မီးလောင်တာပေါ့။”

မြေစာပုံကနေ ထွက်ရှိလာတဲ့ အနံ့ဆိုးတွေကြောင့် အနီးအနားပတ်ဝန်းကျင်က ကျေးရွာတွေ ချောင်းဆိုး၊ ရင်ကျပ်ရောဂါ ဖြစ်ပွားနေသလို မိုင်းတွင်းကနေ စွန့်ပစ်ရေကြောင့်လည်း ဒေသခံတွေ ယားယံတာတွေ ဖြစ်ပွားနေတယ်လို့လည်း ဦးတင်ဦးက ပြောပါတယ်။

East Star ကုမ္ပဏီဟာ  ဘန်းချောင်းရှိ ကွမ်းချောင်းကြီးကျေးရွာရှိ မြေဧက ၆၀ မှာ ဟင်းလင်းဖွင့် ကျောက်မီးသွေး တူးဖော်တဲ့လုပ်ငန်းကို ပြီးခဲ့တဲ့ ၂၀၁၁ နှစ်ကတည်းက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကျောက်မီးသွေးတွင်းကနေ ထိုင်းနိုင်ငံကို ပို့ဆောင်ရာမှာလည်း လမ်းတလျှောက် ဖုန်တွေ အလွန်အမင်း ထူးထပ်များပြားပြီး ကားတွေ ဖြတ်သန်းမောင်နှင်ချိန် လမ်းဘေးဝဲယာရှိ နေအိမ်တချို့ဟာ ဖုန်မှုန့်တွေ မွှန်ထူစွာ ခံစားရတဲ့အတွက် ဒေသခံတွေ မနေနိုင်ဘဲ ရွှေ့ပြောင်းခဲ့ရတာတွေလည်း ရှိနေပါတယ်။

ဘန်းချောင်း ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းကြောင့် ကထောင်းနီ၊ ကွမ်းချောင်းကြီး၊ ကျောက်တူးနဲ့ သပြုချောင်း ရွာသူရွာသားတွေက အဓိက ဆိုးကျိုးခံစားနေရပြီး တခြား ပတ်ဝန်းကျင်ရွာ ၉ ရွာလည်း အလားတူ ခံစားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013