DVB Logo
Home
မြန်မာသတင်း
ခန္တီးရတနာမြေတွင် ပဋိပက္ခမဖြစ်ရေး စစ်ကိုင်းတိုင်းအစိုးရ ကြိုးပမ်း
DVB
·
May 18, 2017
ခန္တီးရတနာမြေတွင် ပဋိပက္ခမဖြစ်ရေး စစ်ကိုင်းတိုင်းအစိုးရ ကြိုးပမ်း
1 / 2
Donate to DVB

မနေ့က လူအသေအပျောက်ရှိခဲ့တဲ့ ခန္တီးရတနာမြေမှာ ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်ရကုမ္ပဏီတွေနဲ့ ကျောက်စိမ်းရိုင်း တရားမ၀င်ရှာဖွေသူ (ရေမဆေး) များအကြား ပဋိပက္ခ မဖြစ်ပွားစေရေးအတွက် လုပ်ငန်းစဉ် ၄ ရပ်နဲ့ ဆောင်ရွက်မယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။

လုပ်ငန်းစဉ် ၄ ရပ်ကတော့ ရတနာနယ်မြေအတွင်းရှိ တရားမ၀င်နေထိုင်သူတွေကို ဥပဒေနဲ့အညီ ရှင်းလင်းမယ်၊ တူးဖော်ခွင့်လိုင်စင်ရ ကုမ်ပဏီတွေအနေနဲ့ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိ စိစစ်နေတဲ့ ကာလအတွင်း လုပ်ငန်းစဉ်အားလုံးကို ရပ်ဆိုင်းထားစေခြင်း၊ စွန့်ပစ်မြေစာများအတွက် နေရာသတ်မှတ်ခြင်းနဲ့ ရေမဆေးများအတွက် စည်းကမ်းချက်တွေ သတ်မှတ်ပေးခြင်း၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၊ နန်းစီပွန်ဒေသမှာ မနေ့က ရဲတပ်ဖွဲ့ကပစ်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၄ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် ၇ ဦးလည်း ဒဏ်ရာရခဲ့ကြတယ်လို့ ခန္တီးမြို့မရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

အလောင်းတွေကို နန်းစီပွန်မှာ စစ်ဆေးခဲ့ပြီး နန်းစီပွန်ဒေသမှာပဲ မြေချသွားမယ်လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေအနက် ၅ ဦးကို ခန္တီးဆေးရုံမှာ ကုသနေရာမှာ ဆီးခုံကို ထိတဲ့လူနာကတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ကျန် ဒဏ်ရာရသူ ၆ ဦးကိုတော့ နန်းစီပွန်မှာပဲ ဆေးကုနေပါတယ်။ နန်းစီပွန်ဒေသမှာ လုံခြုံရေးအင်အား တိုးမြှင့်ချသွားမယ်လို့လည်း သူက ပြောပါတယ်။

နန်စီပွန်ဒေသမှာ ကျောက်တူးဖော်နေတဲ့ ကုမ္ပဏီ ၅ ခုလောက်ရှိပြီး၊ ရေမဆေး ကျောက်ရှာဖွေသူ ၂ ထောင်ကျော် ရှိပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကတော့ ဦးပိုင်ကုမ္ပဏီပိုင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ပြီး ရေမဆေးသမားတွေဟာ ဦးပိုင်ကုမ္ပဏီရဲ့မြေစာပုံ ကိုရှာခဲ့ရာ ကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံလွှတ်တော်အမတ်က ပြောပါတယ်။

ခန္တီးမြို့နယ် နန်စီပွန်လုပ်ကွက်နဲ့ မကျန် မှော်လုပ်ကွက်တွေထဲမှာ တရားမ၀င်ဝင်ေ ရာက်နေ သူတွေအားလုံး မေလ ၁၆ ရက်ကစပြီး မေလ ၃၀ ရက်နောက်ဆုံးထားပြီး ပြောင်းရွှေ့ထွက်ခွာကြဖို့ ပုဒ်မ-၁၄၃ အမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက မေလ ၁၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း-အောင်ဆန်းမြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013