DVB Logo
Home
မြန်မာသတင်း
ဓားပြတိုက်ခဲ့သူကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ဝင်ထံ လွှဲပြောင်း
DVB
·
May 18, 2017
ဓားပြတိုက်ခဲ့သူကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ဝင်ထံ လွှဲပြောင်း
Donate to DVB

ရေးမြို့နယ်မှာ ဓားပြတိုက်ခဲ့တဲ့ နိုင်အကြိုင် (ခ) မောင်ဝင်းကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ဝင်ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့  မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ် မေ ၁၇ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က မွန်ပြည်သစ်ပါတီ ရေးတောင်ပိုင်းမြို့နယ်ရုံး ဝယ်ဇင်စခန်းမှာ နိုင်အကြိုင်ကို မွန်ပြည်သစ်ပါတီခရိုင် အလုပ်မှုဆောင်နဲ့ အဖွဲ့ဝင်တွေက ရေးမြို့နယ်ရဲတပ်ဖွဲ့ဝင်ထံ လွှဲပြောင်းပေးခဲ့တာပါ။

ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်သော်က “လွှဲပြောင်းရရှိထားတဲ့ တရားခံ နိုင်အကြိုင် ကို ရေးမြို့မရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားပြီး မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးနဲ့ တပ်ဖွဲ့ဝင်တွေက အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်”လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီက ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပေမယ့် ရေးမြို့နယ်မှာ ဓားပြတိုက်ခဲ့တဲ့ နိုင်အကြိုင်ကို ဘယ်မှာ ဖမ်းဆီးရမိခဲ့တယ်ဆိုတာကို သတင်းမထုတ်ပြန်ခဲ့ပါဘူး။

နိုင်အကြိုင် (ခ) မောင်ဝင်း ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့က အလင်းဝင်ဓားပြ နိုင်မွန်ချမ်းအဖွဲ့မှဆိုပြီး သေနတ်နဲ့ ခြိမ်းခြောက်ကာ သဲခုံးကျေးရွာနေ ဦးမြင့်သိန်း၊ ဦးလှဦး၊ ဒေါ်ကြည်၊ ဒေါ်အေးဝင်း စတဲ့ စုစုပေါင်း ၃၄ သိန်းကျပ်ခန့် ငွေနဲ့ ရွှေထည် ပစ္စည်းများကို ခြိမ်းခြောက်တောင်းယူထားတဲ့အတွက် ခေါဇာနယ်မြေရဲစခန်းက (ပ)၈/၂၀၁၇ ရာဇာသတ်ကြီး ပုဒ်မ ၃၉၂ အရ အမှုဖွင့် အရေးယူထားရှိတယ်လို့ သိရပါတယ်။

နိုင်အကြိုင် (ခ) မောင်ဝင်း ဆိုသူမှာ ၂၀၁၅ ခု စက်တင်ဘာလက တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကံပေါက်အခြေပြု ခလရ ၂၇၃ မှာ အလင်းဝင်ရောက်ခဲ့ပြီး ပေါက်ပင်ကွင်း-ရေး ကားလိုင်းပြေးဆွဲခြင်းလုပ်ငန်း လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

သတင်း - နေမျိုးထွဋ်(ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013