DVB Logo
Home
မြန်မာသတင်း
လပွတ္တာဘုန်းတော်ကြီးသင်ကျောင်းတွင် ကလေးများ အရိုက်ခံရမှု မိဘများ တိုင်ကြားရန်ပြင်ဆင်
DVB
·
May 17, 2017
လပွတ္တာဘုန်းတော်ကြီးသင်ကျောင်းတွင် ကလေးများ အရိုက်ခံရမှု မိဘများ တိုင်ကြားရန်ပြင်ဆင်
1 / 6
Donate to DVB

လပွတ္တာ YGW ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ကလေးတွေ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရတာနဲ့ မိန်းကလေးတွေ လိင်စော်ကားခံရတာတွေ ရှိလို့ဆိုပြီး မိဘအချို့ မကျေမနပ် ဖြစ်နေကြပြီး တိုင်ကြားဖို့ ပြင်ဆင်နေကြပါတယ်။

လပွတ္တာမြို့နယ် တူးမြောင်းကျေးရွာ အပြင်ရေဆိုင်ကျေးရွာမှာရှိတဲ့ YGW ပရဟိတမိဘမဲ့ ကလေးငယ်စောင့်ရှောက်ရေးနဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှာ ကျောင်းအုပ်ချုပ်တဲ့ သံဃာတော်တွေက ကလေးငယ်တွေကို ပြင်းထန်စွာရိုက်နှက်တာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်မှုတွေရှိလို့ဆိုပြီး မိဘအချို့ကမကျေမနပ်ဖြစ်နေကြပါတယ်။

မေလ ၁ ရက်နေ့ညမှာ အိမ်ပြန်ခြင်တဲ့သူ မတ်တပ်ဆိုတာကြောင့် မတ်တပ်ရပ်ခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးငွေစိုးဟာ ဝါးစိမ်းတုတ်နဲ့ ၂၉ ချက်အရိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ နောက် အဲဒီကျောင်းနဲ့ နီးစပ်တဲ့ အိမ်တအိမ်ကနေ သူရဲ့ အိမ်ကို ဆက်သွယ်ခဲ့တာဖြစ်ပြီး အိမ်က မေလ ၁၂ ရက်နေ့မှာ လာရောက်ခေါ်ယူခဲ့တယ်လို့ မောင်ဖြိုးငွေစိုးကပြောပါတယ်။

အဲဒီကိစ္စဖြစ်ပွားပြီးနောက်မှာ တိုင်းအဆင့် လူမှုဝန်ထမ်းအရာရှိတွေ လာရောက် စစ်ဆေးတာတွေလည်း ရှိခဲ့ပါတယ်။

လူမှုဝန်ထမ်း အရာရှိတွေရဲ့တဦးချင်း စစ်ဆေးချက်တွေအရ မိန်းကလေးတဦးရဲ့ ထွက်ဆိုချက်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ပုံစံမျိုးတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ရိုက်နှက်တာတွေနဲ့ပတ်သက်လို့ ကျောင်းက တာဝန်ခံဆရာတော် ဦးပညာနန္ဒကတော့ ကျောင်းအပ်ကတည်းက စည်းကမ်းချက်ထဲမှာ ပါတဲ့အတိုင်း ဆောင်ရွက်တာလို့ ပြောပါတယ်။

“ကျောင်းအပ်ကတည်းက စည်းကမ်းချက်ထဲမှာ အနည်းဆုံးသုံးနှစ်၊ မိဘ သာရေး နာရေး ကလွဲရင် နေထိုင်ရမယ်။ တကယ်လို့ပြန်မယ်ဆိုရင် ၂၅ ချက်အရိုက်ခံရမယ်လို့ပြောတယ်။ သူတို့လည်း ဒီအတိုင်းလက်ခံတယ်။ အခုပြန်ချင်တယ်ဆိုလို့ စည်းကမ်းအတိုင်းဆောင်ရွက်တာ။ ရိုက်တဲ့အခါ သူတို့လည်းမခံနိုင်ဘူး။ ဒကာကြီးတို့ဆိုရင်လည်း ခံနိုင်မှာမဟုတ်ဘူး။ တချို့ဆိုရင် သုံးချက်ပဲရိုက်ရသေးတယ်။ အရိုက်မခံနိုင်တော့လို့ မပြန်တော့တဲ့သူတွေလည်း ရှိတယ်။”

လွန်ခဲ့တဲ့ ၃ လကလည်း ကလေးငယ်တဦး ခေါင်းကွဲတဲ့အထိ အရိုက်နှက် ခံရတာလည်းရှိခဲ့ပါတယ်။ အရိုက်ခံရသူ အသက် ၉ နှစ်အရွယ် မောင်ချစ်သူ ကတော့ ဘုန်းကြီးက သူ့ခေါင်းကို သံပြားနဲ့ရိုက်ခဲ့ပြီး ဆေးမကုပေးဘူးလို့ ပြောပါတယ်။

အကြိမ်ကြိမ်ပြောဆိုဆုံးမလို့မရလို့ ရိုက်တဲ့အခါမှာ ငုံ့လိုက်လို့ ခေါင်းကိုထိခိုက်မိတာဖြစ်ပြီး ထမိန်ချွတ်တယ်ဆိုတဲ့ကိစ္စဟာ အခုအချိန်မှ သတင်းထွက်လာတာဟာ မကျေနပ်ချက်တွေ စုပေါင်းပြီး ပြောဆိုကြတာလို့ ဦးပညာနန္ဒကပြောပါတယ်။

ကလေးတွေကို ရိုက်နှက်တယ်လို့ သတင်းကြားတဲ့အတွက် ကလေးမိဘ လေးယောက်က ကျောင်းကို လိုက်လာချိန်မှာလည်း ကျောင်းထိုင်ဆရာတော်က အိမ်ကို ပြန်ခေါ်မယ်ဆိုရင် အချက် ၂၅ ချက် ရိုက်ခံရမယ်လို့ ပြောခဲ့တယ်လို့ အသက် ၁၂ ကျောင်းသားရဲ့ မိခင် မကေသွယ်မိုးက ပြောပါတယ်။

“ကျမတို့က ကလေးပြန်ခေါ်မယ်ပြောတော့ ပြန်ခေါ်ရင် ၂၅ ချက်ရိုက်မယ်။ ကလေးက အရမ်းငယ်သေးတော့ ကျမက ကလေးအစား အရိုက်ခံရမယ်လို့ ပြောတော့ လူကြီးဆိုရင် အချက် ၅၀ အရိုက်ခံရမယ်လို့ပြောတော့ ဆရာတပည့် ပုံစံရိုက်မှာပဲထင်ပြီး အရိုက်ခံတယ်။ ရိုက်တော့ ၀ါးစိမ်းတုတ်နဲ့ ယောက်ျားအားကြီးနဲ့ လွှဲရိုက်တယ်။ ၅ ချက်ပဲ ခံနိုင်တယ်”လို့ အရိုက်ခံခဲ့ရသူ မိဘဖြစ်တဲ့ မကေသွယ်မိုးကပြောပါတယ်။

အဲဒီကိစ္စတွေဖြစ်ပွားပြီးနောက်မှာတော့ လူမှုဝန်ထမ်းက စစ်ဆေးမှုတွေပြုလုပ်ပြီး ပြန်ချင်တဲ့ကလေး အယောက် ၃၀ ကျော်ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ လပွတ္တာမြို့နယ် လူမှုဝန်ထမ်းအရာရှိ ဒေါ်ခင်မာဝေ ကပြောပါတယ်။ အရိုက်ခံရတဲ့ ကလေးငယ်နဲ့ ကျန်အယောက်သုံးဆယ်ကျော်ကို ကျောင်းကခေါ်ယူဖို့မှာလည်း အခက်များစွာကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

ပရဟိတကျောင်းအနေနဲ့ သက်ဆိုင်ရာရဲ့ အသိမှတ်ပြု ချက်တွေ ရရှိထားတာ မရှိသေးဘူးလို့ လူမှုဝန်ထမ်းအရာရှိ ဒေါ်ခင်မာဝေကပြောပါတယ်။

အရိုက်ခံရတဲ့မိဘနဲ့ ကလေးမိဘအချို့ကတော့ အရိုက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိတဲ့အတွက် တူးမြောင်းရဲစခန်းကို တိုင်ကြားဖို့ပြင်ဆင်နေပါတယ်။

အဲဒီကျောင်းမှာ သံဃာ ၄ ပါးဦးစီးပြီး KG တန်းကနေ တက္ကသိုလ် တက်ရောက်နေသူတွေအထိ ကျောင်းသူ/ကျောင်းသား ၁၅၀ ကျော်ရှိတယ်လို့ အဲဒီပရဟိတကျောင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013