DVB Logo
Home
မြန်မာသတင်း
မူဆယ်ကမ္ဘောဇဘဏ်ခွဲမီးလောင်၊ ဒုသမ္မတဟောင်း စိုင်းမောက်ခမ်းအစ်မနှင့်တူမသေဆုံး (ရုပ်သံ)
DVB
·
May 17, 2017
မူဆယ်ကမ္ဘောဇဘဏ်ခွဲမီးလောင်၊ ဒုသမ္မတဟောင်း စိုင်းမောက်ခမ်းအစ်မနှင့်တူမသေဆုံး (ရုပ်သံ)
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းမပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲမှာ ဒီကနေ့ မနက် မီးလောင်မှုဖြစ်ပွားပြီး ဘဏ်ကို အိမ်ငှားထားတဲ့ ပိုင်ရှင် ဒုသမ္မတဟောင်း ဒေါက်တာ စိုင်းမောက်ခမ်းရဲ့ အစ်မဖြစ်သူနဲ့ တူမဖြစ်သူတို့ မီးလောင်သေဆုံးသွားပါတယ်။

ဒီကနေ့ မေလ ၁၇ ရက်မနက် ၂ နာရီခွဲလောက်က အိပ်မောကျနေချိန် တရပ်ကွက်လုံးဆူညံသံ တွေကြောင့် လန့်နိုးလာပြီး မီးလောင်တာသိရလို့ သွားရောက်ကူ ညီငြှိမ်းသတ်ပေးခဲ့တယ်လို့ ဟိုမွန်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း စိုင်းယီသိန်းကျော်က ဒီဗွီဘီကို ပြောပါတယ်။

“မီးလောင်တာ သိသိချင်း ကျနော်လည်း ရပ်ကွက်သူရပ်ကွက်သားတွေနဲ့အတူ သွားပြီးကူငြိမ်းခဲ့တယ်၊ မီးလောင်တဲ့အိမ်က အရင်ကျနော်တို့ ဒုသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်း ရဲ့အမ ဒေါ်နန်းခေါင်တို့အိမ်ကပါ။ ၂ ထပ်တိုက်ပေါ့၊ မြေအောက်ခန်းရှိတယ်။ နောက်ဘက်မှာလည်း အဆောင်ထပ်ချဲ့ထားတယ်။ တခြမ်းကို သူတို့နေပြီး တခြမ်းကို ကမ္ဘောဇဘဏ်ခွဲကို ငှားထားတာ။ မီးလောင်တော့ အထဲမှာလူပိတ်မိနေတယ်လို့လည်း ပြောတယ်။ မီးအရှိန်သိပ်ပြင်းတော့ အထဲ ၀င်လို့မရဘူး။ မီးညွန့်က ၃ နာရီခွဲလောက်မှာ ကျိုးတယ်။ မနက် ၄ နာရီလောက်မှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်း ၂ လောင်းတွေ့တယ်။ အသားတွေ အကုန်လောင်ကုန်ပြီ။ အဲဒီ ၂ ယောက်က ဒေါ်နန်းခေါင် နဲ့ သူ့သမီး ဆရာမ နန်းခမ်းလောင်၊ ဒေါ်နန်းခေါင်က အသက် ၇၀ ကျော်၊ သူ့သမီးက ၅၀ ကျော်၊ အခု ၂ ယောက်လုံး ဆေးရုံပို့လိုက်ပြီ။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး မူဆယ်ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်း စိုးကလည်း မီးလောင်တဲ့နေရာကို မီးသတ်ကား ၁၅ စီး မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း၊ ဒါပေမယ့် မီးရှိန်ပြင်းတာကြောင့် အိမ်ရှင် အမျိုးသမီး ၂ ဦး မီးခိုး မွန်သေ ဆုံးခဲ့ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“မီးလောင်တာက အိမ်ရှင်ဒေါ်နန်းခေါင်တို့အိမ် အောက်ထပ်က လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပြီး လောင်တာပါ။ မနက် ၂ နာရီ ၄၅ လောက်မှာ စလောင်ပြီး မနက် ၃ နာရီနဲ့ ၁၀ မိနစ်မှာ မီးညွှန့်ကျိုး ပါတယ်။ ဒေါ်နန်းခေါင် နဲ့ သူ့သမီး မီးခိုးမွန်ပြီး မီးလောင်တဲ့ထဲပါသွားတယ်၊ အဆောက်အဦ ပျက်စီးဆုံးရှုံးမှုတန်ဘိုးကို ကျပ်သိန်း ၆၀ လို့ ခန့်မှန်းပါတယ်၊ ဘဏ်က ငွေတွေ ဘယ်လောက်ပါ လဲဆိုတာတော့ မသိရသေးပါဘူး။”

မီးလောင်သေဆုံးခဲ့ရသူ နန်းရွှေဌေး ခေါ် နန်းခမ်းလောင်မှာ မူဆယ်မဟာဝန်ကျောင်းတိုက် ၀ုန်းမေတ္တာလူမှုကူညီရေးအဖွဲ့ဆေးခန်းမှ စေတနာဝန်ထမ်း သူနာပြုဆရာမတစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗီဒီယို - Langle Thang

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013