DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ်တွင် ဗာဒံပင်က ထူးဆန်းစွာ မိုးသီးပေါက်တွေ ကျဆင်း (ရုပ်သံ)
DVB
·
May 17, 2017
ကျောက်ဖြူမြို့နယ်တွင် ဗာဒံပင်က ထူးဆန်းစွာ မိုးသီးပေါက်တွေ ကျဆင်း (ရုပ်သံ)
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂြင်ကြီးကျေးရွာအုပ်စု ကပိုင်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာရှိတဲ့ ဗာဒံပင်က မိုးရွာတာမရှိဘဲ မိုးသီးပေါက်တွေ အဆက်မပြတ် ကျနေတဲ့အတွက် အနီးအနား ကျေးရွာတွေက လာရောက်ကြည့်ရှုသူတွေ များပြားနေပါတယ်။

ဗာဒံပင်က မိုးရွာတာတွေ မရှိဘဲ ထူးထူးဆန်းဆန်း မိုးသီးပေါက်တွေ ကျဆင်းနေတဲ့အတွက် အနီးအနား ကျေးရွာတွေက ကားတွေ၊ စက်လှေတွေနဲ့ လာရောက်ကြည့်ရှုသူ တနေ့ကို ၃၀၀ ကနေ ၄၀၀ အထိ ရှိလာနေတယ်လို့ ကပိုင်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“အခုနောက်ပိုင်းဆိုရင် တနေ့ကို ၃ ရာ၊ ၄ ရာလောက် ရောက်လာတယ်။ စပြီး ရေကျနေတဲ့ တရက် နှစ်ရက်လောက်တော့ လူတွေ သိပ်မရောက်ဘူး။ အခုက ကားတွေနဲ့ လာကြတယ်။ စက်လှေတွေနဲ့ လာတယ်။ ဒီအနီးအနားပတ်ဝန်းကျင်ပေါ့လေ။ တော်တော်စည်ကားနေတယ်။ ထူးထူးဆန်းဆန်း ဖြစ်နေကျမဟုတ်တော့ လူတွေ လာကြတာကို။ ကျနော်တို့ရွာကနေပြီးတော့ စားဖို့ သောက်ဖို့ နေဖို့ ထိုင်ဖို့ စီစဉ်ပေးထားပါတယ်။”

ဒီလို ဗာဒံပင်က ရေမကျခင်မှာ အဲဒီဘုန်းတော်ကြီးကျောင်းမှာ ဘုရားထီးတော် တင်တာတွေ၊ ရွှေသင်္ကန်း ကပ်တာတွေ လုပ်ခဲ့သေးတယ်လို့ ကျောင်းထိုင်ဆရာတော် ဦးပညာနန္ဒာက ဒီဗွီဘီကို မိန့်ပါတယ်။

“မိုးရွာတာလည်း မဟုတ်ဘူးလေ။ ဒီအပင်က ဒီလို ရေကျနေတာ ကဆုန်လပြည်နေ့မတိုင် ၂ ရက်လောက်က ရေတွေကျနေတာ။ လူတွေ သိတာက ကဆုန်လပြည်နေ့ပေါ့။ အခုက ပိုပြီးတော့ ရေကျလာတော့ ကြည့်ရှုတဲ့သူတွေ ပိုများလာတယ်။ ထူးဆန်းတာတခုက ဒီမတိုင်ခင်မှာ ဘုရားထီးတော် တင်တာတွေ၊ ရွှေသင်္ကန်းကပ်တာတွေ လုပ်တယ်။ ဒုလ္လဘရဟန်းခံတာတွေ လုပ်ခဲ့တယ်။ အခု မိုးသီးကြွေကျနေတဲ့အပင်က ဘုရားကြီးခြေတော်ရင်း အပင်ကပဲ မိုးသီးကြွေကျတာ၊ တော်တော်ထူးဆန်းတယ်လို့ ပြောလို့ရတာပေါ့။”

အဲဒီ ဗာဒံပင်ကို သွားရောက်သွားကြည့်ရှုခဲ့သူ ကျောက်ဖြူမြို့နေသူ ဦးစံတင်မောင်က ဒီလို အပင်က ရေကျတာ တသက်မှာ တခါမှ မမြင်ဖူးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“တော်တော်ကို အံ့သြလောက်ဖို့ ကောင်းတယ်ဗျ။ ပထမ ကြားတော့ မယုံဘူး။ ကိုယ်တိုင် သွားကြည့်တော့ အပင်က အလိုအလျေက် ရေကျနေတယ်။ အဲဒီ အပင် အရွက် အခက်က ရေကျတာ ပိုပြီးရေကျတာ။ ရွက်နုရဲ့ အဖူးကို သေချာကြည့်တော့ အဲဒီအဖူးရွက်နားက ပိုပြီး ရေကျတယ်။ အဲဒီအရွက်ရဲ့ထိပ်ဖူးမှာ ပိုးကောင် တကောင်စ နှစ်ကောင်စ တွေ့တယ်။ ပုရွတ်ဆိတ် အကောင်လို သေးသေးတွေပဲ။ အကိုင်းအခက်တိုင်းမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီအကောင်လေးတွေ ဘယ်လုပ်ပြီး တနေကုန်ရေတွေ ထုတ်ပေးနိုင်မှာလဲ။ ဒီအပင်က တော်တော်လေးကို ထူးဆန်းနေတာဗျ။ နောက်ပြီး တခြားတပင်လည်း ရှိတယ်။ အဲဒီအပင်ကတော့ ရေမထွက်ဘူးဗျ။ ကျနော့်တသက်မှာ ဒီလို တခါမှ မမြင်ဖူးဗျ။”

အဲဒီအပင်မှ ခန့်မှန်းအနေနဲ့ ၄ နာရီမှာ ပျင်းမျှအားဖြင့် ရေသန့်ဘူး ၂၀ ကနေ ၂၅ လုံးအထိ ကျဆင်းမှုတွေ ရှိနိုင်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

အဲဒီ ကပိုင်ချောင်းကျေးရွာဟာ ကျောက်ဖြူမှ အရှေ့တောင်ဘက်မှာ တည်ရှိပြီး ရေလမ်းကြောင်းအနေနဲ့ ၁၅ မိုင်ဝန်းကျင် ဝေးတယ်လို့ သိရပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013