
အခုလကုန်ပိုင်းနေပြည်တော်မှာကျင်းပဖို့ရှိနေတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာ ရဲတပ်ဖွဲ့လုံခြုံရေးအင်အား ၁၀၀၀ ကျော်အသုံးပြုသွားမယ်လို့ နေပြည်တော် ရဲတပ်ဖွဲမှူးရုံး ရဲမှူးခင်ဇော်အောင်က ပြောပါတယ်။
“၂၁ ရာစုပင်လုံ လုံခြုံရေးအတွက်က ပြင်ဆင်နေတဲ့ကာလဆိုတော့ အတိအကျပြောလို့ မရသေးဘူး။ ခန့်မှန်းခြေပြောရရင် ရဲတပ်ဖွဲ့အင်အား ၁၂၀၀ လောက်သုံးသွားမှာပါ။ ကျင်းပမယ့် MICC 2 အဆောက်အအုံနဲ့ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေတည်းခိုတဲ့ ဟိုတယ်တွေ လုံခြုံရေးကိုတော့ အပြည့်ယူမယ်။ နယ်မြေလုံခြုံရေးကိုတော့ ကျနော်တို့ နေပြည်တော်ကောင်စီ ရဲတပ်ဖွဲ့က ယူမယ်။”
ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို မေလ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နေပြည်တော် MICC 2 အဆောက်အအုံမှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီညီလာခံမှာတော့ မေလ ၁၄ ရက်နေ့ UPDJC အစည်းအဝေးက သဘောတူလိုက်တဲ့ အချက် ၄၂ ချက်ကို ဆွေးနွေးအတည်ပြုပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတခုအနေနဲ့ လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။











