DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကူညီပေးမည့် စီးပွားရေးလုပ်ငန်းရှင်များအား ကျေးဇူးတင်ကြောင်း ထုတ်ပြန်
DVB
·
May 16, 2017
Donate to DVB

မြန်မာပြည်တွင်းငြိမ်းချမ်းရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးမယ့် စီးပွားရေး လုပ်ငန်းရှင်တွေကို ကျေးဇူးတင်တဲ့အကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနက ထုတ်ပြန်ပါတယ်။

ကျေးဇူးတင်လွှာကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး မေလ ၁၃ ရက်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Business for Peace (ငြိမ်းချမ်းရေးအတွက်စီးပွားရေး)အနေနဲ့  ငြိမ်းချမ်းရေး လုပ်ငန်းတွေကို စီးပွားရေးရှုထောင့်ကနေ အကူအညီပေးမှာကို  ကြိုဆိုပါကြောင်းနဲ့  ပြည်တွင်းငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်နိုင်ဖို့  ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးတဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၊ United Nations Global Compact Network Myanmarနဲ့  စီးပွားရေး လုပ်ငန်းရှင်တွေကို အထူးကျေးဇူးတင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်ဖို့  UMFCCI နဲ့ UN Global Compact Network Myanmar တို့အကြား ဧပြီ ၄ ရက်က ရန်ကုန်မှာ သဘောတူ စာချွန်လွှာတရပ်ကို လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီသဘောတူညီချက်အရ  စီးပွားရေးလုပ်ငန်းတွေအနေနဲ့  ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ ဒေသတွေကို ဦးစားပေးကာ တာဝန်ယူမှု၊ တာဝန်ကျေပွန်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရမှာ ဖြစ်သလို လုပ်ငန်းခွင်တွေထဲ၊ ကုန်စည်နဲ့  ဝန်ဆောင်မှုဈေးကွက်ထဲနဲ့ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းမှုရရှိ တည်မြဲရေးအတွက် ဆွေးနွေးညှိနှိုင်း စုပေါင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

မြန်မာကုမ္ပဏီတွေအနေနဲ့ United Nations Global Compact (UNGC) အဖွဲ့ဝင်ဖြစ်ပါက UNGC ကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ၁၀ ချက်ကို ကတိကဝတ်ပြု လိုက်နာရမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ လုပ်ငန်းကုမ္ပဏီတွေဖြစ်ဖို့နဲ့ ဥပဒေကို လေးစားလိုက်နာပြီး ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ဖို့၊ အဂတိလိုက်စားမှုကို လုံးဝ အားမပေးတဲ့ စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေ ဖြစ်ဖို့လိုအပ်တယ်လို့လည်း အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ  Global Compact အဖွဲ့ဝင်အဖြစ် ၂၀၁၂ ခုနှစ်မှာ ကုမ္ပဏီ ၁၅ ခုရှိရာက  ၂၀၁၆ ခုနှစ်မှာ ကုမ္ပဏီ ၃၀၀ ရှိလာခဲ့ပြီး UMFCCI အဖွဲ့ဝင်  ကုမ္ပဏီ ၃၀၀၀၀ ရှိတဲ့အထဲက  ကုမ္ပဏီ ၁၀၀၀၀ လောက် Global Compact အဖွဲ့ဝင်ဖို့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013