BM ယာယီယာဉ်လိုင်းများ ဖျက်သိမ်း၊ လိုင်းတလိုင်းသာ ဆက်လက်ပြေးဆွဲနေ
ရန်ကုန်မြို့မှာ မထသ စနစ်ကို ဖျက်သိမ်းပြီး YBS ဘတ်စ်ကားစနစ်သစ်နဲ့ စတင်ချိန်က ယာယီပြေးဆွဲခွင့်ပြုခဲ့တဲ့ BMယာဉ်လိုင်းတွေ ဖျက်သိမ်းလိုက်ပြီး လိုင်းတလိုင်းပဲ ဆက်လက်ကျန်ရှိပြေးဆွဲနေပါတယ်။
BM ယာဉ်တွေကို ဇန်နဝါရီလ ၁၇ ရက်၊ ၁၈ ရက်နေ့ကစပြီး ၃ လကြာ ယာယီ ပြေးဆွဲခွင့်ပြုခဲ့တာပါ။
စတင်ပြေးဆွဲစဉ်က ဒဂုံတောင်၊ ဒဂုံအရှေ့အခြေပြု BM ယာဉ်လိုင်း ၄ လိုင်းဝန်းကျင်ရှိခဲ့ပြီး လက်ရှိမှာ ဒဂုံအရှေ့ စိတ်ကျန်းမာရေးဆေးရုံကနေ အောင်မင်္ဂလာအဝေးပြေးကို ပြေးဆွဲတဲ့ ၆၆ ဘီအမ် ယာဉ်လိုင်းတလိုင်းပဲ ကျန်ပြီး ကျန်လိုင်းတွေ ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
တလိုင်းတည်း ကျန်တော့တဲ့ ၆၆ ယာဉ်လိုင်းရဲ့ ဂိတ်တာဝန်ခံ ဦးကျော်စိုးက “စပြေးတုန်းက ကား ၂၀ ဝန်းကျင်ရှိတယ်။ ခု ၁၀ စီးဝန်းကျင်ပဲ ဆက်ပြေးနေတယ်။ ကျန်တဲ့ကားတွေက အပ်လိုက်ပြီ။ ခု ပြေးနေတဲ့ ကားတွေကလည်း အပ်ဖို့ ခဏစောင့်နေတာ။ ဒီရက်ပိုင်း(အလွန်ဆုံး ဒီလကုန်)ထဲမှာ ၆၆ တလိုင်းလုံး ကားကြီး၊ ကားသစ်တွေ ပြောင်းထည့်တော့မှာ”လို့ ပြောပါတယ်။
ဒဂုံတောင် အခြေပြု ပြေးဆွဲခဲ့တဲ့ BM ယာဉ်လိုင်းပိုင်ရှင်တဦးဖြစ်တဲ့ မနွယ်က “အရင် လိုင်းအနေနဲ့ ပြေးဆွဲတဲ့ BM ကားတွေထဲက ၃ပုံ ၂ပုံလောက်က အရည်ကျိုအပ်လိုက်ပြီ။ ကျန်နေတဲ့ ကားတွေကလည်း အပ်ဖို့စောင့်တာနဲ့ လုပ်ငန်းပြောင်းလိုက်တဲ့ ကားတွေပဲ ရှိတော့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
BM ကားတွေရဲ့ ယာယီပြေးဆွဲခွင့်ကာလ ၃ လဟာ ဧပြီလက ပြည့်ခဲ့ပေမယ့် YRTA က ၃ လ ထပ်တိုးပြီး ပြေးဆွဲခွင့်ပြုထားတယ်လို့ သိရပါတယ်။











