လေဘေး၊ မီးဘေးနဲ့ အခြားသဘာဝဘေးဒဏ်သင့် မြန်မာပြည်သူတွေအတွက် လက်ရှိ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ထောက်ပံ့ကူညီပေးမှုတွေ တိုးပေးမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးရင် အရင်က ကျပ် ၁ သိန်း ထောက်ပံ့ပေးနေရာက အခု ကျပ် ၃ သိန်း တိုးမြှင့်ထောက်ပံ့မှာဖြစ်ပြီး သဘာဝဘေးကြောင့် ဆေးရုံတက် ဒဏ်ရာရ လူနာတွေကိုတော့ အရင်က ကျပ် ၁ သောင်းမှ ၃ သောင်း ထောက်ပံ့ရာကနေ အခု ကျပ် ၅ သောင်း တိုးမြှင့် ထောက်ပံ့မယ်လို့ သိရပါတယ်။
သွပ်မိုး ပျဉ်ခင်း တိုက်အိမ် လုံးဝပျက်စီးသွားရင် အရင်က ကျပ် ၅ သောင်းပေးနေရာကနေ ခု ကျပ် ၂သိန်း၊ ဓနိမိုး သွပ်မိုး ထရံကာ နေအိမ် ပျက်စီးသွားရင် ကျပ် ၅ သောင်းကနေ ခု ၁ သိန်း၊ ဘာသာရေးကျောင်း လုံးဝပျက်စီးသွားရင် ကျပ် ၆ သောင်း ပေးနေရာကနေ ခု ၂ သိန်း၊ မြေပြိုကမ်းပြိုဘေးအတွက် နေအိမ်တွေ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ရရင် ကျပ် ၂ သောင်း ပေးနေရာကနေ ကျပ် ၁ သိန်းထိ တိုးထောက်ပံ့မယ်လို့ ဆိုပါတယ်။
မီးဘေးကြောင့်ဆိုရင်တော့ အိမ်(တိုက်/သွပ်မိုး+ပျဉ်ခင်း) လုံးဝပျက်စီးပါက ယခင် ၁ သိန်း ဒါမှမဟုတ် ၂ သိန်း ထောက်ပံ့ရာမှ အခု ကျပ် ၂ သိန်း၊ အိမ် (ဓနိ/သွပ်မိုး+ထရံကာ) လုံးဝပျက်စီးရင် ၅ သောင်းကျပ် မှ ၁ သိန်း၊ ဘာသာရေးကျောင်း လုံးဝပျက်စီးရင် အရင် ကျပ် ၂ သိန်းကနေ ၃ သိန်း တိုးမြှင့်ထားပါတယ်။
ဒ့ါအပြင် ဆန်၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ငါးသေတ္တာ၊ ဆီနဲ့ ပဲ စတဲ့ စားနပ်ရိက္ခာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း သဘာဝဘေး အမျိုးအစား မခွဲခြားဘဲ အရင်က ၃ ရက်မှ ၇ ရက်စာ ပေးနေရာကနေ အခု အနည်းဆုံး ၁ ပတ် လိုအပ်ချက်အပေါ် မူတည်ပြီး ထပ်မံ ထောက်ပံ့သွားမယ်လို့ လူကယ်ပြန်ဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။











