DVB Logo
Home
မြန်မာသတင်း
တပ်မတော်သားတဦးက အမျိုးသမီးတဦးကို ဓားဖြင့်ခုတ်၊ ကလေးငယ်ကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
DVB
·
May 14, 2017
တပ်မတော်သားတဦးက အမျိုးသမီးတဦးကို ဓားဖြင့်ခုတ်၊ ကလေးငယ်ကိုသတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် စလူချောင်းကျေးရွာမှာ ဒီနေ့မနက် ၃ နာရီလောက်က တပ်မတော်သားတဦးဟာ အမျိုးသမီးတဦးကို ဓားနဲ့ခုတ်၊ ကလေးငယ်တဦးကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။

ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာအုပ်စု စလူချောင်းကျေးရွာနေသူ ဦးပန်းဖြူဟာ ဇနီးဖြစ်သူ မဇာနည်ဝင်း၊ သမီးဖြစ်သူတို့နဲ့အတူ နေအိမ်မှာ အိပ်ပျော်နေချိန် စလူချောင်းကျေးရွာရှိ ခမရ ၅၉၈ တပ်ရင်းက တာဝန်ကျသူ တပ်သား မြင့်ဝင်း ဇလုပ်ကြီးကျေးရွာ နေသူက အရက်ကြောင်ကြောင်ပြီး အိမ်ပေါ်ကိုတက်လာကာ နေအိမ်မှာ အသင့်ရှိတဲ့ အရိုးအသွား ၂၄ လက်မလောက်ရှိတဲ့ ထင်းခုတ်ဓားမနဲ့ မဇာနည်ဝင်းကို ခုတ်ခဲ့ရာ မဇာနည်ဝင်းမှာ ဝဲလက်မောင်း ပျက်ရှဒဏ်ရာ တချက်ရရှိခဲ့တယ်လို့ ရွှေကျင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး သန်းနိုင်က ပြောပါတယ်။

ဒီနောက်မှာတော့ သမီးဖြစ်သူ မကြယ်စင် (၈ နှစ်) အား လည်ပင်းဓားနဲ့ထောက်ကာ ခေါ်ဆောင်သွားခဲ့ပြီး တပ်စခန်းရှေ့ ၅ ပေလောက်အကွာ ဧည့်တွေ့အဆောင်အရှေ့မှာ လည်ပင်းကို ဓားနဲ့ တစ်ချက်လှီး ပစ်ချထားခဲ့ပြီး တပ်စခန်းအတွင်းဝင်ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

တပ်စခန်းမှ အရာရှိတဦးက ဓားချပြီး အေးအေးဆေးဆေးအဖမ်းခံဖို့ အမိန်ပေးပေမယ့် မနာခံလို့ သေနတ်နဲ့ ဝဲပေါင်အား တစ်ချက်ပစ်ရာ ကြည်ထိမှန်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ဓားကို ပစ်ချပြီးနောက် စားဖိုဆောင်အတွင်းသွားရောက်ခဲ့ပြီး အရိုးအသွား ၈ လက်မလောက်ရှိ ဓားနဲ့ ကိုယ့်လည်ပင်းကိုယ် လှီးဖြတ် သေဆုံးသွားခဲ့ကြောင်း ပြောပါတယ်။

လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ အရေးယူဆောင်ရွက်မယ့်အခြေအနေကို ရဲမှူး သန်းနိုင်က “စုံစမ်းစစ်ဆေးမှု အသေးစိတ်လုပ်ပြီးတော့မှ တပ်မတော်သားဖြစ်တဲ့အတွက် တပ်မတော်ဥပဒေနဲ့ အရေးယူမလား၊ တရားခံတော့ သေဆုံးပြီးပြီ၊ ဒါပေမယ့် ကျနော်တို့ တရားစွဲတင်ရတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရပ်ဘက်တရားရုံးကို တရားခံ သေဆုံးရင်လည်း စွဲတင်ပြီးမှ တရားသူကြီးက အမှုကို စစ်ဆေးစီရင်ပြီးတော့မှ တရားခံသေဆုံးနဲ့ ပိတ်ရတာပေါ့။ အဲ့လိုမှမဟုတ်ဘူး၊ တပ်မတော်ကို လွှဲပြောင်းပေးရမယ်၊ တပ်မတော်ဘက်က သူတို့ဘက်က ဒီဟာကို စစ်ဆေးပါ့မယ်ဆိုရင် ကျနော်တို့က အမှုတွဲကို အပြည့်အစုံလုပ်ပြီးမှ တပ်ဘက်ကို မေးမြန်းပြီးမှ တပ်ရဲ့ ပြန်ကြားစာအရ ဆောင်ရွက်ပြီးမှ သူတို့ကို လွှဲပေးမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူ တပ်သား မြင့်ဝင်း၊ မကြယ်စင်တို့ရဲ့ အလောင်းတွေကို ရင်ခွဲစစ်ဆေးဖို့နဲ့ ဒဏ်ရာရရှိသူ ဒေါ်ဇာနည်ဝင်း ဆေးကုသမှုခံယူနိုင်ဖို့ ရွှေကျင်မြို့ ကုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။

အဆိုပါအမှုနဲ့ပတ်သက်ပြီး တပ်သား မြင့်ဝင်း အား ဒုံဇရစ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)/ ၄၅၁ (အိမ်ကျော်နင်းမှု)/ ၃၂၆ (အပြင်းအထန်နာကျင်စေမှု)/ ၃၀၉ (မိမိကိုယ်ကိုယ်မိမိသတ်ရန်အားထုတ်မှု) တို့နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013