DVB Logo
Home
မြန်မာသတင်း
ဖြူးမြို့နယ်တွင် ရဲစခန်းမှူးက တောင်သူသားအဖကို ကိုယ်ထိလက်ရောက်ပြုကျင့်
DVB
·
May 12, 2017
ဖြူးမြို့နယ်တွင် ရဲစခန်းမှူးက တောင်သူသားအဖကို ကိုယ်ထိလက်ရောက်ပြုကျင့်
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့ တောင်သူတဦးနဲ့ စကားမပြောတတ်တဲ့ သားတဦးတို့ကို နယ်မြေရဲတပ်ဖွဲ့စခန်းမှူးက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့တယ်လို့ ထိုးကြိတ်ခံရတဲ့ကာယကံရှင်သားအဖနဲ့ မျက်မြင်ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
မေလ ၁၁ ရက်နေ့ မနက် ၁၀ နာရီခန့်က ညောင်ပင်သာမြို့ ကျီးမနိုးကွင်းအမှတ် ၂ မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
လူငယ့်အားမာန်ဆိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း လီမိတက်တာဝန်ရှိသူတွေက သူတို့ဖော်ဆောင်နေတဲ့ အဆင့်မြင့်လယ်ယာ ဖော်ထုတ်ထားတဲ့နေရာမှာ ဦးစီအိုဂျီးက ကျူးကျော်နေတာကို တားဆီးပေးဖို့ တိုင်တန်းမှုကြောင့် စခန်းမှူးလိုက်ကြည့်စဉ်မှာ ဖြစ်ပွားခဲ့တာပါ။
လူငယ့်အားမာန်အသင်းသား ၆ ဦးနဲ့ အတူ လာရောက်ကြည့်ရှုတဲ့ စခန်းမှူးရဲအုပ်စိုးလွင်က ဦးစီအိုဂျီးကို အတူလိုက်ပါဖို့ ကားပေါ်တက်ခိုင်းစဉ်မှာ စကားများပြီး ထိုးကြိတ်မှုဖြစ်ခဲ့တာလို့ ကိုယ်တိုင်မြင်တွေ့ရတဲ့ ကိုဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကားရပ်ပြီးတော့ စခန်းမှူးဆိုသူကဆင်းလာတယ်။ ပြီးတော့ စီကြီးကို ကားပေါ်တက်ခိုင်းတယ်။ အဲဒီမှာနေမကောင်းလို့ပါပေါ့၊ ဆေးသောက်ပြီး ထလာရတာပေါ့ပြော တယ်။ သူ့သားလေးကလည်း စကားမပြောတတ်တော့ လက်ဟန်ခြေဟန်နဲ့ ခေါင်းကိုက်နေတယ် ပေါ့။ ပြောတော့ ကလေးကိုခြေထောက်နဲ့ ကန်တယ်။ လက်သီးနဲ့ထိုးတယ်၊ အဲဒီမှာ ထွက်ပြေးတဲ့ အခါကျတော့ ခဲနဲ့ထုတယ်။ အဲဒီ ကုလားလေးလွတ်သွားတဲ့ အခါကျတော့ သူ့အဖေက အနားကပ်လာတော့ သူ့အဖေကို လက်သီးနဲ့ထိုးတာပေါ့။ အဲဒါ ကျနော်မြင်တာ။"
ထိုးကြိတ်မှုကြောင့် ဦးစီအိုဂျီးရဲ့ နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ သွားနာကျင်ဒဏ်ရာနဲ့ သားဖြစ်သူ ရွှေအ မှာလည်း လက်မှာ ဒဏ်ရာရရှိသွားပါတယ်။
ကာယကံရှင် ဦးစီအိုဂျီးက “ကျနော့်သား စကားမပြောတတ်တဲ့ ကောင်လေးကို ခြေထောက်နဲ့ ကန်တယ်။ ပြီးတော့ခဲနဲ့ထုတယ်။ ကျနော့်ကို လက်သီးနဲ့ထိုးတယ်။ ကျနော့်နှုတ်ခမ်းပေါက်သွားတယ်။ သွားနှစ်ချောင်း နဲ့သွားတယ်။ ဒီကိစ္စကို ပဲခူးတိုင်းဝန်ကြီးချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပြည်ထဲရေးဝင်ကြီးဌာနတွေကို တိုင်စာပို့မယ်။ တရားရုံးမှာ ဦးတိုက်လျှောက်ဖို့လည်း လုပ်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဒီဗွီဘီက ညောင်ပင်သာ နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်စိုးလွင်ကို မေးမြန်းရာ သူ့အနေနဲ့ လူငယ့်အားမာန်တာဝန်ရှိသူတွေက  လာရောက်တိုင်ကြားတဲ့ကိစ္စကို နှစ်ဦးနှစ်ဖက်ပြေလည်မှုရရှိစေဖို့ အမှုဖွင့်တိုင်ကြားမှုတွေ မဖြစ်စေဖို့အတွက် ညှိနှိုင်းပေးဖို့သာ သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး ခြေထောက်နဲ့ ကန်တာတွေ၊ ထိုးကြိတ်တာတွေ မပြုလုပ်ခဲ့ဘဲ လူငယ်တစ်ဦးကိုသာ လက်ဖြင့်တွန်းခဲ့တယ်လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ဒီကိစ္စကို မိသားစုဝင်တွေက ညောင်ပင်သာနယ်မြေရဲတပ်ဖွဲစခန်းမှာ သွားရောက် အမှုဖွင့်လှစ်ခဲ့ရာမှာ ရဲက ဒီကိစ္စဟာ သာမန်နာကျင်စေမှုသာဖြစ်တဲ့အတွက် တရားရုံးကိုသာ ဦးတိုက်လျှောက်ဖို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ကာယကံရှင်ဘက်ကတော့ ဒီကနေ့ တရားရုံးကို ဦးတည်လျှောက်ဖို့ပြင်ဆင်နေသလို နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ တိုင်ကြားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013