DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ တောင်ကြားကျေးရွာတွင် သောက်သုံးရေ ပြတ်လပ်၊ အလှူရှင်များ လိုအပ်
DVB
·
May 12, 2017
Donate to DVB

မုံရွာမြို့နဲ့ ၁၀ မိုင်ခန့်အကွာက တောင်ကြားကျေးရွာမှာ သောက်သုံးရေ ပြတ်လပ်နေလို့ အလှူရှင်တွေ လိုအပ်နေပါတယ်။

မုံရွာမြို့နဲ့ ၁၀ မိုင်ခန့်သာ ကွာဝေးပြီး ဗောဓိတထောင် ရပ်တော်မူဘုရားအနီးမှာ တည်ရှိတဲ့ အိမ်ခြေ ၂၅၀၊ လူဦးရေ ၁၁၉၀ ရှိတဲ့ တောင်ကြားရွာလေးမှာ ရေကန်တွေ ခန်းခြောက်ပြီး သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရတာ ၁၀ ရက်ကျော်ရှိပြီ ဖြစ်ပါတယ်။

“ကျနော်တို့ဆီမှာ Care Myanmar က ၂၀၀၃ ခုနှစ်မှာ လုပ်ပေးထားတဲ့ ရေရရှိရေးလိုင်းကလည်း ပေပေါင်း ၁၀၆၀၀ ဝေတဲ့အခါမှာ မိုးရွာသီနဲ့ ဆောင်းရာသီမှာ ရေအဆင်ပြေပြီးတော့ စိမ့်စမ်းရေဖြစ်တဲ့အတွက် နွေရာသီမှာ ခန်းခြောက်လာလို့ ကျနော်တို့ ရေလုံလောက်ခြင်း မရှိပါဘူး။ ၂၀၀၅ ခုနှစ်ကုန်ပိုင်းက တူးပေးထားတဲ့ စည်ပင်ရေတွင်းကလည်း ပေပေါင်း ၅၃၀ တူးပေမယ့်လည်း ရေငန်တွေထွက်လို့ သုံးရေပဲ ရရှိပါတယ်။ မြန်မာ့သြဘာက လှူဒါန်းတဲ့ ၂ မိုင်ကျော်ဝေးတဲ့နေရာမှာလည်း စက်မောင်းဆီနဲ့ သုံးရတဲ့အတွက် ရေထွက်နဲ့ ကုန်ကျစရိတ် မကာမိလို့ သုံးနိုင်ခြင်းမရှိပါဘူး” လို့ မုံရွာမြို့နယ် တောင်ကြားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက ပြောပါတယ်။

နှစ်စဉ် နွေရာသီရောက်တိုင်း ရေအခက်အခဲ ကြုံတွေ့နေရပြီး စည်ပင်၊ မြန်မာ့သြဘာ၊ Care Myanmar က ပြုလုပ်ပေးထားတဲ့ ရေတွင်းရေကန်တွေ ရှိပေမယ့် အဆင်မပြေတာကြောင့် ရေအလှူရှင်တွေကိုသာ မျှော်လင့်နေရတာ ဖြစ်ပါတယ်။ မြို့နယ်မီးသတ်နဲ့ စေတနာရှင်တချို့ကတော့ နေ့စဉ် လာရောက်လှူဒါန်းမှုတွေ ရှိနေပါတယ်။

“အရင်နှစ်ဆိုတာထက်ကို ကျနော်တို့ငယ်ငယ်ကတည်းက မီလာတဲ့ ရေသောက်သုံးရတဲ့ အခြေအနေက အဆင်ပြေလာတယ်ဆိုတာ မရှိခဲ့ဘူး။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ ပါတီကောင်စီခေတ်တွေမှာ အဝီစိတွင်းတွေ တူးလာခဲ့တယ်။ တူးလာခဲ့တာလည်း အောင်မြင်မှုမရှိပါဘူး။ ပေ ၄၀၀ ကျော်၊ ၅၀၀ တူးလို့တောင်မှ အဆင်ပြေတာ မတွေ့ရဘူး။ ဘယ်အစိုးရပဲတက်တက်၊ နိုင်ငံတော်ပိုင်းက ကျနော်တို့နိုင်ငံမှာရှိတဲ့ အစိုးရပိုင်းက ဒါ သူတို့ပဲ တတ်နိုင်တာလေ။ သူတို့က လုပ်ကိုင်ဆောင်ရွက်ပေးမယ်၊ ဘယ်နည်းနဲ့ဖြစ်ဖြစ် ဒီကျေးရွာလေးကိုတော့ ရေအဆင်ပြေအောင် လုပ်ပေးမယ်ဆိုရင်တော့ အဆင်ပြေနိုင်တာပေါ့” လို့ မုံရွာမြို့နယ်၊ တောင်ကြားကျေးရွာ ရပ်မိရပ်ဖ ဦးကွန်းက ပြောပါတယ်။

လက်ရှိမှာ ရွာအနီးအနားက ချောင်းတွေ၊ ကန်တွေကလည်း ရေခန်းခြောက်နေပြီဖြစ်လို့ လူတင်မက တိရစ္ဆာန်တွေအတွက်ပါ အခက်အခဲ ဖြစ်နေတာပါ။ ရှိနေတဲ့ရေကိုလည်း အလှည့်ကျခွဲတမ်းစနစ်နဲ့ ဝေငှသုံးစွဲနေကြရတာ ဖြစ်ပါတယ်။

“နွေရာသီဆိုတော့ ချောင်းထဲက ရေထွက်အား နည်းတာပေါ့။ အဲဒါမျိုးတွေကြောင့် ရွာထဲမှာရတဲ့၊ လာတဲ့ရေလေးကို တောင်သူ၊ မြောက်သူ ဆိုပြီးတော့ ခွဲထားတာပေါ့။ တောင်သူဆိုရင် ၄ ထမ်းပေါ့၊ မြောက်သူဆိုရင် ၂ ထမ်းပေါ့။ နွေရာသီတော့ အဲဒီလို ပေးဝေရတယ်။ ရေရှားတဲ့အခါမှာ နွားတွေ၊ ဆိတ်တွေ ရှိတော့ အဲဒီအချိန်မှာ ပြောမယ်ဆိုရင် ချောင်းတွေ ဘာတွေထဲ သွားတိုက်ရတာပေါ့။ အဲဒီလိုမျိုးရှိတယ်” လို့ မုံရွာမြို့နယ် တောင်ကြားကျေးရွာ၊ ရေရရှိရေးကော်မတီဝင် ဦးအောင်ထွန်းက ပြောပါတယ်။

တောင်ကြားကျေးရွာက မုံရွာမြို့နယ်ထဲပါဝင်ပြီး မြို့နဲ့ အလှမ်းမဝေးလှပေမယ့် သောက်သုံးရေ ခက်ခဲနေတာအပြင် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေပြီး လျှပ်စစ်မီးလည်း မရရှိသေးပါဘူး။

သောက်သုံးရေအတွက် ရွာနဲ့ ၁ မိုင်ခန့်အကွာက ကမ်းနီတမံကနေ ရေမြောင်းသွယ်ပေးဖို့ သက်ဆိုင်ရာကို တင်ပြထားပြီး အခုထိတော့ ဆောင်ရွက်ပေးခြင်း မရှိသေးသလို ရေကတော့ မိုးမရွာမချင်း  ခက်ခဲနိုင်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013