DVB Logo
Home
Lead Story
အမှန်တရားအတွက် တိုက်ပွဲဝင်ခြင်း
DVB
·
May 12, 2017
အမှန်တရားအတွက် တိုက်ပွဲဝင်ခြင်း
1 / 2
Donate to DVB

James Mawdslay book coverအမှန်တရားအတွက် တိုက်ပွဲဝင်ခြင်း

ဂျိမ်း(စ်) မော်ဒ်(စ်)လေ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ

THE HEARD MUST BREAK

The Fight From Democracy and Truth in Burma

JAMES MAWDSLEY

မြန်မာပြန်သူ - မြင့်နောင်

ပုံနှိပ်ခြင်း  - ပထမအကြိမ်

ထုတ်ဝေသည့်ကာလ - ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ

တန်ဖိုး - ၂၀၀၀ ကျပ်

ထုတ်ဝေသူ - ယဉ်ထွန်း (ယဉ်မျိုးစာအုပ်တိုက် - ၀၁၁၇၆)

အမှတ် ၂၇၄/B ၊ လမ်း ၄၀ အပေါ်လမ်း

စာမျက်နှာ - ၁၈၂

အရွယ် - အလျား ၁၃×၂၄ စင်တီ၊ အနံ ၂၀.၉၆ စင်တီ

ကျနော့်ဖခင် လင်းယုန်မောင်မောင် ကွယ်လွန်ခြင်း ၁၅ နှစ်မြောက် နှစ်ပတ်လည်ပွဲမှာ  ကိုမြင့်နောင်က ကျနော့်ကို စာအုပ်တအုပ် လက်ဆောင်ပေးပါတယ်။ သူ ဘာသာပြန်တဲ့ ‘အမှန်တရားအတွက် တိုက်ပွဲဝင်ခြင်း’ အမည်ရှိစာအုပ်ပါ။

ဒီစာအုပ်ဟာ သူရိယနေဝန်းဂျာနယ်မှာ အခန်းဆက်အနေနဲ့ ဖော်ပြခံရပြီး စာဖတ်သူတွေ တလေးတစား စောင့်ဖတ်ခဲ့ရတာပါ။ အဲဒီစာဖတ်သူတွေကြားထဲမှာ ကျနော်လည်း ပါဝင်ခဲ့ရပါတယ်။

အကြောင်းကတော့ ကျနော် စိတ်ဝင်စားတဲ့ မြန်မာ့ဒီမိုကရေစီအတွက် အင်္ဂလန်က တက်ကြွလှုပ်ရှားသူ ဂျိမ်းစ်မောဒ်စ်လေ ဖြစ်လို့၊ နောက်တကြောင်းက ကျနော်နဲ့ ဆိုးဖော်ဆိုးဘက် ကိုမြင့်နောင်ရဲ့ ပထမဆုံး ဘာသာပြန်လက်ရာ ဖြစ်နေလို့ပါပဲ။

ကျနော် မျှော်မှန်းထားတဲ့အတိုင်းပါပဲ။ သူ့ဘာသာပြန် ချောမွေ့မှုက ကျနော့်ကို ကောင်းကောင်းဆွဲဆောင်နိုင်ခဲ့ပါတယ်။ မူရင်းစာအုပ်ကလည်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ အင်္ဂလန်နိုင်ငံသား လူငယ်တယောက်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်နေတော့ ကျနော့်အတွက်တော့ အတိုင်းထက်အလွန်ပါပဲ။

နိုင်ငံခြားအသံလွှင့်သတင်းတွေမှာ ဂျိမ်းစ်အကြောင်းကို ကြားလိုက်ကတည်းက သူ့ကို စိတ်ဝင်စားခဲ့ရတာပါ။ ရန်ကုန်မြို့လယ်ကောင်က စိန့်ပေါကျောင်းရှေ့ ဓာတ်တိုင်မှာ သူ့ကိုယ်သူ လက်ထိတ်ခတ်ကာ မြန်မာ့ဒီမိုကရေစီရေးအတွက် တောင်းဆိုခဲ့သူ။ နောက် မော်လမြိုင်။ နောက်ဆုံး တတိယအကြိမ်က တာချီလိတ်မြို့က တာလော့ဈေးထဲမှာ။

ဒီစာအုပ်ကတော့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တာချီလိတ်မှာ ဆန္ဒပြနေတုန်း အဖမ်းခံခဲ့ရတဲ့အကြောင်း ရေးသားထားတဲ့ ဂျိမ်းစ်ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိပါ။

အဖြစ်အပျက်ကလည်း လှုပ်လှုပ်ရှားရှား၊ လုပ်ရပ်ကလည်း စွန့်စွန့်စားစား၊ အရေးအသားကလည်း သွက်သွက်လက်လက်မို့ ဒီစာအုပ်ဟာ ကျနော့်ကို အစမှအဆုံး ဆွဲခေါ်သွားနိုင်တဲ့ စာအုပ်ပါ။

လူသားစိတ်ရှိတဲ့ လူငယ်တယောက်ရဲ့ စွန့်စားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ မေတ္တာတရား ကြီးမားမှုတွေကို ရင်တခုန်ခုန်နဲ့ ဖတ်လိုက်မိပါတယ်။

ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့် ကိုမင်းကိုနိုင်နဲ့ သူနဲ့ ပြန်တွေ့ရတဲ့အခါ ဂျိမ်းစ်က ရိုမန်ကသလစ်ဘုန်တော်ကြီးတပါး ဖြစ်နေပါပြီ။

သူ့လက်တုန်တုန်ဖြင့် ကျနော့်အား ဖက်လျက် အသံတုန်တုန်ဖြင့် ပြောသည်။ “ငါ တကယ်ပဲ အဲဒီပြန်ရောက်သွားသလို ခံစားရတယ်၊ အိပ်မက်မဟုတ်ဘူးကွာ။ ငါ နာကျင်ခံစားရတာတွေ၊ အထီးကျန် ဝမ်းနည်းရတာတွေ အခု တန်တယ်လို့ ယုံတယ်” ဟု ဆိုသည်။ (မင်းကိုနိုင် အမှာစာမှ)

ဂျိမ်းစ်က မြန်မာပြည်သူတို့ဘဝကို တကယ်မြင်တွေ့ခံစားရသူ။ မြန်မာပြည် အကျဉ်းစခန်း မြင်ကွင်းကိုလည်း သူက ကြေကွဲစွာ မှတ်တမ်းတင်နိုင်ခဲ့သူပါ။

“အင်းစိန်ထောင်သည် ကျနော် ကြားထားဖူးသည့်အတိုင်း အမှန်ပင် ရက်စက်ပါသည်။  သံခြေချင်းခတ်ချိန် ကြိုးကို မကာ ရှပ်တိုက်သာ လျှောက်လှမ်းသွားလာနိုင်သည့် အကျဉ်းသားများကို ရံဖန်ရံခါ ကျနော် မြင်ရတတ်သည်။”

ဘာသာပြန်သူ ကိုမြင့်နောင်ရဲ့ အမှာစာမှာ သူက ဂျိမ်းစ်အကြောင်း ဘာသာပြန်နေရင်း ဘုန်းတော်ကြီး Rev Martim ရဲ့ အတွေးစကို သတိရမိတယ်လို့ ဆိုပါတယ်။

ပထမဦးစွာ ကွန်မြူနစ်တွေကို (ဖမ်းဖို့) အတွက် သူတို့ ရောက်ရှိလာကြသည်။ ကျနော်က သူတို့ဘက်မှ ရပ်တည်၍ မပြောဆိုပါ။ ကျနော်က ကွန်မြူနစ် မဟုတ်သောကြောင့် ဖြစ်သည်။

ထို့နောက် ဂျူးများ (ဖမ်းဖို့) အတွက် သူတို့ ရောက်ရှိလာကြသည်။ ကျနော်က သူတို့ဘက်မှ ရပ်တည်၍ မပြောဆိုပါ။ ကျနော်သည် ဂျူး မဟုတ်သောကြောင့် ဖြစ်သည်။

ထို့နောက် ကက်သလစ်များ (ဖမ်းဖို့) အတွက် သူတို့ ရောက်ရှိလာကြသည်။ ကျနော်က သူတို့ဘက်မှ ရပ်တည်၍ မပြောဆိုပါ။ ကျနော်က ပရိုတက်စတင့် ဖြစ်သောကြောင့် ဖြစ်သည်။

ထို့နောက် ကျနော့်ကို (ဖမ်းဖို့) သူတို့ ရောက်လာကြသည်။ ထိုအချိန်တွင် ကျနော့်အတွက် ရပ်တည်၍ ပြောဆိုပေးမည့်သူ တစုံတယောက်မျှ မရှိတော့ပါ။ (ဘာသာပြန်သူအမှာစာ)

ဘာသာပြန်သူရဲ့ ရည်ရွယ်ချက်ကိုလည်း သူ့အမှာစာရဲ့ နောက်ဆုံးဝါကျတွေကို ဖတ်ကာ မှန်းဆနိုင်ပါတယ်။

ဤကြေကွဲစများသည် ကောင်းမြတ်ခြင်းလည်း မည်ပါ၏။ ထို့ကြောင့် ဤကြေကွဲစများသည် ပြန်လည်တသနေဦးမည့် ကြေကွဲစများ ဖြစ်နေပါတော့သည်။ (ဘာသာပြန်သူ အမှာစာမှ)

ဒီစာအုပ်ဟာ စိတ်ကောင်း စေတနာကောင်းတွေ၊ လူသားဆန်တဲ့ မေတ္တာတွေကို နှလုံးသားထဲထိ ရောက်အောင် ပို့ဆောင်နိုင်တဲ့ ဒီမိုကရေစီတော်လှန်ရေး ဖြစ်ရပ်မှန် စာအုပ်တအုပ်ပါ။

ကျနော်တို့ သားစဉ်မြေးဆက်ရဲ့ နှလုံးသားထဲမှာ ကိန်းဝပ်နေရမယ့် စာအုပ်တအုပ်ပါ။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013