
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်အတွင်း ၂၀၁၆ မိုးတွင်းကာလက ရေကြီး နစ်မြုပ် ပျက်စီးဆုံးရှုံးခဲ့တဲ့ လယ်သမားတွေနဲ့ တခြား သီးနှံစိုက်တောင်သူတွေကို အစိုးရက မေ ၁၁ ရက်နေ့မှာ ငွေကြေး ထောက်ပံ့ခဲ့ပါတယ်။
မနှစ်က ဇူလိုင်လနဲ့ သြဂုတ်လတွေအတွင်း စပါးနဲ့ တခြားသီးနှံတွေဖြစ်တဲ့ ကွမ်း၊ ဂုန်လျှော်၊ ငရုတ်၊ ပန်း အစရှိတဲ့ သီးနှံပျက်စီးမှုတွေကို အဓိကထား ထောက်ပံ့ပါတယ်။
မြို့နယ်စိုက်ပျိုရေးဦးစီးမှူး ဦးခင်မောင်စန်းက “ခုထောက်ပံ့ငွေတွေက သမ္မတရဲ့ သီးသန့် ရန်ပုံငွေထဲကနေ ပေးတာပါ။ လယ်သမားတွေကို ၁ ဧက ၁ သောင်းကျပ်နဲ့ တခြားသီးနှံတွေထဲက ကွမ်း ၂ သောင်းကျပ် ထောက်ပံ့ပါတယ်။ ခု မေလ ၁၁ ရက်နဲ့ ၁၂ တွေမှာ အပြီးသတ်ပေးပါတယ်" လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်က ကျေးရွာပေါင်း ၄၃ ရွာက တောင်သူပေါင်း (၆၂၈၅ ဦး၊ ပျက်စီးမှုဧကပေါင်း ၂၁၀၅၁ ဧကအတွက် ထောက်ပံ့ငွေပေါင်း ၂၁၀,၅၃၀,၀၀၀ ကျပ် ထောက်ပံ့ပေးခဲ့တာပါ။
ထောက်ပံ့ကြေးရတဲ့ ဒယ်ပုတ်ကွင်းရွာသူ ဒေါ်သူဇာအောင်က "ဟိုတုန်းက ခုလို ပျက်စီးတာ တခါမှ ထောက်ပံ့မှုတွေ မရတာ၊ ခုလို သမ္မတ ထောက်ပံ့တယ်ဆိုတော့ ငွေနည်းပေမယ့် ပျော်ပါတယ်” လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်ဟာ နှစ်စဉ်တိုင်း ရေကြီး နစ်မြုပ်မှုဒဏ်ကို ကြုံတွေ့နေလေ့ရှိတဲ့ ဒေသတခု ဖြစ်ပါတယ်။
သတင်း - သန်းထိုက်မြင့်










