DVB Logo
Home
မြန်မာသတင်း
လူ ၁၀၀၀ ခန့် ပါဝင်လှုပ်ရှားခဲ့သည့် Clean Yangon Campaign ပြုလုပ်
DVB
·
May 12, 2017
Donate to DVB

လူဦးရေ ၁၀၀၀ နီးပါး ပါဝင်လှုပ်ရှားခဲ့တဲ့ Clean Yangon Campaign တခု ရန်ကုန်မြို့မှာ မေလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ပူပြင်းလှတဲ့ ရန်ကုန်ရာသီဥတုနဲ့အတူ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်မှာ လူငယ်အများအပြားဟာ တူညီဝတ်စုံတွေ ဝတ်ဆင်ပြီး ပလတ်စတအိတ်ကိုယ်စီကိုင်ကာ စုဝေးရောက်ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလူငယ်တွေဟာ ရန်ကုန်မြို့အခြေစိုက် ပရဟိတအဖွဲ့ပေါင်း ၃၀ ကျော်က ဖြစ်ပြီး Clean Yangon Campaign လို့ အမည်ပေးထားတဲ့ စုပေါင်းအမှိုက်ကောက်ခြင်း အစီအစဉ်ကို ရွှေတိဂုံဘုရား ပရိဝုဏ်အနီးမှာ ပြုလုပ်ခဲ့ပါတယ်။

“စိတ်တူကိုယ်တူ ဝါသနာတူ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ကြတာဟာ အင်မတန်မှ လေးစားဂုဏ်ယူစရာ ကောင်းပါတယ်။ ဒါကြောင့် လူငယ်အဖွဲ့အစည်းများ အားလုံးကို ဒီနေရာကနေ ကျမ ဦးညွှတ် အလေးပြုပါတယ်ရှင်” လို့ ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။

ဒီကမ်ပိန်းကိုတော့ ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင် ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး အခုလို ကမ်ပိန်းလုပ်တာ ပထမဦးဆုံးအကြိမ်ပါ။

အမှိုက်ကောက်ခြင်း အစီအစဉ်နဲ့အတူ ‘အမှိုက်များကို စနစ်တကျ စွန့်ပစ်ပါ၊ မြို့တော်သန့်ရှင်းလှပဖို့ ဝိုင်းကူညီဆောင်ရွက်စို့’ စာသားပါ ပိုစတာဗီနိုင်းတွေ ကိုင်ဆောင်ကာ လူထုကို အသိပေးခဲ့ပါတယ်။

“အမှိုက်လေးတွေက ကိုယ့်အမှိုက်ကိုယ် တာဝန်ယူတတ်ဖို့ ဆိုတာလေးကို လူကြီးပိုင်းတွေမှာရော ဒါကို သတိမပြုဘဲ တခါတလေ အဲဒါက အရေးမကြီးဘူးလို့ တချို့တွေက ထင်နေကြတာမျိုး ရှိတယ်ပေါ့နော်။ လွယ်လွယ်ကူကူပဲ ကွမ်းစားတယ်၊ လွယ်လွယ်ကူကူပဲ ထွေးလိုက်တယ်၊ လွယ်လွယ်ကူကူ မုန့်လေးတခု စားလိုက်တယ်၊ လွှင့်ပစ်လိုက်တယ်။ အဲဒါမျိုးလေးတွေက တကယ်တမ်းတော့ အမှိုက်တွေများလာရင် ကျန်းမာရေးအတွက်ရော၊ ပြီးတော့ ဒီအမှိုက်တွေများလာရင် ကိုယ့်ရဲ့မြို့ သန့်ရှင်းလှပမှုရော မြို့အင်္ဂါရပ်ရော အင်မတန်မှ ဆုတ်ယုတ်တယ်။ အင်မတန်မှ အကျည်းတန်တယ် ဆိုတာလေးကိုတော့ ကလေးတွေရော ကျနော်တို့ awareness များများလေး ပြောပြဖို့ အချိန်တန်ပြီလို့ ယူဆပါတယ်။ အဲဒါကြောင့်မို့လည်း ကျနော်တို့ ဒါတွေ လာလုပ်တာပါ” လို့ Dream Boat ကိုမောင်မောင်အေးက ပြောပါတယ်။

ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တွေ စုပေါင်းပြီး အများနဲ့သက်ဆိုင်တဲ့ ပွဲတော်တွေမှာ အကူအညီပေးဖို့ ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင် ဦးဆောင်ပြီး အဖွဲ့တခု ဖွဲ့စည်းထားပါတယ်။ ပရဟိတ ၁၂ ဖွဲ့ စုပေါင်းဖွဲ့စည်းထားပြီး အဲဒီအဖွဲ့နာမည်ကိုတော့ မပေးရသေးဘူးလို့ ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013