DVB Logo
Home
မြန်မာသတင်း
ပလောင်တပ်က ရွာသူကြီးနှင့် ရွာသားများအား ဖမ်းဆီးနှိပ်စက်ဟု ရှမ်းလူငယ်အဖွဲ့ပြော
DVB
·
May 12, 2017
ပလောင်တပ်က ရွာသူကြီးနှင့် ရွာသားများအား ဖမ်းဆီးနှိပ်စက်ဟု ရှမ်းလူငယ်အဖွဲ့ပြော
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့က အာစီအက်စ်အက်စ်ရှမ်းတပ်တွေ ရွာထဲဝင်လာပြီးတဲ့နောက် တီအန်အယ်လ်အေ ပလောင်တပ်ကနေပြီး ရွာသူကြီး နဲ့ ရွာသားတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ ရှမ်းလူငယ်အဖွဲ့က ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) ရှမ်းတပ်တွေ ရွာထဲဝင်လာတာကို သူတို့ကို သတင်းမပေးရကောင်းလား ဆိုပြီးတော့ ဆိုက်ခေါင်အုပ်စု ပန်ဝိုးရွာက သူကြီး နဲ့ သူ့ညီကို ဖမ်းဆီးရိုက်နှက်ခဲ့သလို ရွာသားတယောက်ကို လည်း သေနတ်နဲ့ပစ်ခဲ့တယ်လို့ ဒဏ်ရာရသူတွေ ဆေးကုသနိုင်ရေး အကူအညီပေးနေတဲ့ နမ္မတူမြို့နယ် ရှမ်းလူငယ်အဖွဲ့ခေါင်းဆောင်း စိုင်းဟန်က ဒီဗွီဘီကို ပြောပါတယ်။

“၁၀ ရက်နေ့ နေ့ခင်းပိုင်းမှာ အာစီအက်စ်အက်စ် ရှမ်းတပ်ဖွှဲတွေ ဆိုက်ခေါင်ရွာထဲဝင်လာပြီး ညနေ ၂ နာရီကျော် ပြန်ထွက်သွားတယ်။  ည ၈ နာရီလောက်မှာ တီအန်အယ်လ်အေ အဖွဲ့က တအုပ်ကြီး  ဆိုက်ခေါင်ရွာရော ပန်ဝိုးရွာထဲပါ ၀င်လာတယ်၊ ပြီးတော့ ရှမ်းစစ်သား ၀င်လာတာ သူတို့ကို သတင်းမပေးလို့ဆိုပြီး ပန်ဝိုးရွာသူကြီး စိုင်းဆန်ညွန့်နဲ့ သူ့ညီ စိုင်းအိုက်ရွှေကို ရိုက်တယ်၊ ကုလားထိုင်နဲ့လည်း ရိုက်တယ်၊ သေနတ်ဒင်နဲ့ ခေါင်းကိုထုတယ်၊ သူတို့ ၂ ယောက်ကို ဖမ်းခေါ်သွားပြီး တညလုံးကြိုးတုပ်ထားပြီးတော့ ၁၁ ရက်နေ့မနက် ပြန်လွှတ်ပေးတယ်၊ ပြန်လာတော့ သူကြီးခေါင်းပေါက်ပြီး ခါးမှာ အတွင်းကြေသွားတယ်၊ စိုင်းအိုက်ရွှေလည်း တကိုယ်လုံးနာနေတယ်တဲ့”

တီအန်အယ်လ်အေတပ်ဖွဲ့ဝင်တွေဟာ ၁၀ ရက်နေ့ညက သူကြီးကိုဖမ်းပြီး ပန်ဝိုးရွာထဲက မထွက်ခင် သေနတ်တွေပစ်ဖောက်သွားခဲ့ကြောင်း၊ အဲဒီအချိန် အိုက်ညွန့်ဆိုတဲ့ လူငယ်တယောက်က လမ်းမှာ ဆိုင်ကယ်စီးရင်း သေနတ်သံကြားလို့ ကြောက်ပြီး ဆိုက်ခေါင်ရွာဘက် ထွက်ပြေးရာမှာ တီအန်အယ်လ်အေတပ်ဖွဲ့တွေက တားဆီးစစ်ဆေးပြီး ဘာလူမျိုးလဲ၊ ဘယ်သွားမလဲလို့မေးတော့ ရှမ်းလူမျိုး၊ ဆိုက်ခေါင်က အဖိုးဆီလာတာလို့ ဖြေပြီး စကားပြောလို့မဆုံးခင် သူ့ကို ခြေထောက်နဲ့ ကန်ခဲ့ကြောင်း၊ သူကထွက်ခွာစဉ် သေနတ်နဲ့  ၂ ချက် လှမ်းပစ်တော့ ကျည်ဆန်က သူ့ရင်ဘတ်ကို ရှပ်ထိပြီး လက်မောင်း နဲ့  ဘယ်ဘက်ပေါင်ကို ဖောက်ထွက်သွားကြောင်း၊ တီအန်အယ်လ်အေက နောက်တချက်ထပ်ပစ်တော့ ခြေဖနောင့်ကို ရှပ်မှန်သွားတယ်လို့ သူကဆက်ပြောပါတယ်။

ဒဏ်ရာရသွားတဲ့သူ့ကို တီအန်အယ်လ်အေက ပန်ဝိုးရွာမှာရှိတဲ့ သူတို့ဆေးမှူးဆီမှာ ဆေးထည့်ပေးဖို့ ဆိုက်ခေါင်သူကြီးကို ဆင့်ခေါ်ပြီး လူနာကို သွားပို့ဖို့ ပြောခဲ့ကြောင်း၊ လမ်းခုလတ်ရောက်တော့ အိုက်ညွန့်က ပန်ဝိုးမှာ သူ့ကို တီအန်အယ်လ်အေက သတ်ပစ်မှာစိုးလို့ ဆိုပြီး နမ့်တူမြစ်ထဲ ခုန်ချကူးခတ်ကာ နမ့်မွန်းဆိုတဲ့ရွာမှာ တိမ်းရှောင်နေကြောင်း၊  ၁၁ ရက်နေ့မှာ နမ့်မွန်းရွာသားတွေက သူ့ကို နမ္မတူဆေးရုံ ပို့ပေးခဲ့တယ်လို့  ဆိုပါတယ်။

ရွာထဲမှာ သေနတ်သံတွေ ဆူညံသွားပြီးတဲ့နောက် ဆိုက်ခေါင်၊ ပန်ဝိုး ၊ မျိုင်းဆော့ ၊ နမ့်ပန် စတဲ့ရွာက ရွာသားပေါင်း တစ်ရာကျော်ဟာ ရွာမှာမနေရဲတော့ဘဲ ၁၁ ရက်နေ့မနက်က အထုတ် အပိုးပြင်ပြီး နမ္မတူမြို့ ရွှေမြင်သာဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလှုံနေကြတယ်လို့  နမ္မတူမြို့နယ် ရှမ်းလူငယ်ခေါင်းဆောင် စိုင်းဟန်က ဒီဗွီဘီကို ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက တီအန်အယ်လ်အေ တအာင်းပလောင်တပ်ကို ဆက်သွယ်မေးမြန်းရာမှာ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က “     အဲဒီသတင်း ကျနော်တို့ မကြားမိဘူးဗျ၊ ရှိလည်းမရှိဘူး၊ ရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာမရှိဘူး၊ လူမျိုးခြားဆို ပိုဆိုးတာပေါ့၊  လူမျိုးရေးပဋိပက္ခဖြစ်အောင်မလုပ်ဖို့ ညွှန်ကြားထားတယ်၊ ကြပ်လည်း ကြပ်မတ်ပါတယ်၊ ဆိုက်ခေါင်ဘက်ကိုတော့ ပြန်မေးပေးမယ်၊ ညနေ ၄ နာရီလောက်ကျ  ပြန်ခေါ်လိုက်ပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013