
၁၃ ကြိမ်မြောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ရဲ့ ကွန်ဂရက်ကို ဗဟိုဌာနချုပ်ရှိရာ ညာမူစခန်းမှာ ဒီကနေ့ ကျင်းပပြီးစီးခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဗဟိုကော်မတီဝင်တွေကို ပြန်လည်ရွေးချယ်လိုက်ပါတယ်။
ကေအန်ပီပီပါတီဥက္ကဋ္ဌကို အရင်ဥက္ကဋ္ဌဟောင်း ခွန်အေဘယ်လ်ထွီးကိုပဲ ပြန်လည်ရွေးချယ်ခဲ့သလို အမြဲတမ်းဗဟိုကော်မတီ ၁၇ ဦးနဲ့ အရန်ဗဟိုကော်မတီ ၁၂ ဦးကို ပြန်လည်ရွေးချယ်လိုက်တယ်လို့ ဗဟိုကော်မတီဝင် ဦးရွှေမျိုးသန့်က ပြောပါတယ်။
မေ ၂ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကွန်ဂရက်ကို ဗဟိုဌာနချုပ်ရှိရာ ညာမူစခန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး လာမယ့် ဧပြီ ၁၇ နဲ့ ၁၈ ရက်တွေမှာတော့ ရွေးချယ်ထားတဲ့ ဗဟို ကော်မတီထဲက ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေနဲ့ ဗဟိုဦးဆောင်ကော်မတီ (စီအီးစီ)ကို ပြန်လည်ရွေးချယ်တင်မြောက်မယ်လို့ ဦးရွေမျိုးသန့်က ပြောပါတယ်။
“ကျနော်တို့က အခုလောလောဆယ် ဥက္ကဋ္ဌ တယောက်ပဲရွေးသေးတယ်။ ပြီးတော့မှ ဒု-ဥက္ကဋ္ဌတို့၊ အတွင်းရေးမှူးတို့ စီအီးစီတွေကို ပြန်ရွေးမယ်။ ကွန်ဂရက်က ဒီရက်မှ ပြီးတယ်လေ။ ”
တပတ်ကျော်ကြာကျင်းပခဲ့တဲ့ ကွန်ဂရက်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ လူငယ်နဲ့ အမျိုးသမီးကဏ္ဍတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
ငြိမ်းချမ်းရေးကိစ္စတွေဖြစ်တဲ့ အန်စီအေစာချုပ် လက်မှတ်ထိုးရေးမထိုးရေးနဲ့ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ တက်မတက်ကိုတော့ လာမယ့်အပတ် ဆွေးနွေးအတည်ပြုသွားမယ်လို့လည်း ဦးရွှေမျိုးသန့်က ပြောပါတယ်။
ဒီတပတ်ကွန်ဂရက်ရဲ့ ထူးခြားချက်အနေနဲ့ ဗဟိုကော်မတီနဲ့အရန်ကော်မတီဝင်တွေထဲမှာ လူငယ်တွေ အတော်များများပါဝင်လာတယ်လို့လည်း ပြောပါတယ်။
ကေအန်ပီပီကို ၁၉၅၇ ခုနှစ် မေလ ၂ ရက်နေ့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်စီ) ရဲ့ အဖွဲ့ဝင်ဖြစ်သလို အစိုးရနဲ့ အန်စီအေ လက်မှတ်ရေးထိုးနိုင်ရေးလည်း ဆွေးနွေးနေဆဲဖြစ်ပါတယ်။











