
ရန်ကုန်မြို့တွင်း မှုခင်းဖြစ်ပွားမှုတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ စွန်ရဲစီမံချက် ၂ ကို စတင်ဆောင်ရွက်နေပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။
စွန်ရဲစီမံချက်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့တွင်းမှာ မှုခင်းဖြစ်ပွားမှုတွေကို ကြိုတင် ကာကွယ်ဖို့အတွက်နဲ့ မှုခင်းကျူးလွန်ဖို့အတွက် ကြိုတင်ကြံစည်နေသူတွေကို စုံစမ်းစစ်ဆေးပြီး ဆောင်ရွက်နေတာပါ။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲမှူးလှဝေက “စွန်ရဲစီမံကိန်း စတင်ပြီးနောက် မှုခင်းတွေ ကြိုတင်ကာကွယ်ဖော်ထုတ်နိုင်ခဲ့တာကြောင့် နောက်ထပ် စွန်ရဲ စီမံချက် ၂ ကို မေလ ၁ ရက်နေ့က စတင်ကာ ဆောင်ရွက်နေပြီး မှုခင်း ဖြစ်ပွားမှုနှုန်းတွေ လျှော့ချနိုင်ဖို့အတွက် ရဲတပ်ဖွဲ့နဲ့အတူ ပြည်သူတွေဘက်ကပါ ပူးပေါင်းပါဝင်ဆောင်ရွက်ရင် ပိုမို အောင်မြင်လာနိုင်တယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။
အစိုးရသစ် လက်ထက်မှာ ပွင့်လင်းမြင်သာမှုရှိလာတာကြောင့် မုဒိမ်းမှုတွေမှာလည်း လာရောက် တိုင်တန်းလာကြသလို မိဘတွေအနေနဲ့ကလည်း တိုင်ကြားရမယ်ဆိုတာကို ပိုမိုနားလည်လာ တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တဦးက အခုလိုပြောပါတယ်။
“ဧပြီလအတွင်းဆောင်ရွက်ခဲ့တဲ့ စွန်ရဲစီမံချက်ကြောင့် မှုခင်းဖြစ်ပွားမှုနှုန်းတွေကို လျှော့ကျအောင် ကြိုတင်ကာကွယ်နိုင်ခဲ့ပေမယ် မှုခင်းဖြစ်ပွားမှုနှုန်းတွေကတော့ သိသာစွာကျဆင်းသွားတာ မရှိသေးပါဘူး။ ဒါပေမယ့် မနှစ်က ၂၀၁၆ ခုနှစ် မတ်လမှာ လူသတ်မှု ၁၄ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လမှာ လူသတ်မှု ၈ မှုသာဖြစ်ပွားခဲ့ပါတယ်။ မုဒိမ်းမှုအနေနဲ့ကတော့ ၂၀၁၆ ခုနှစ်ထက် အရေအတွက် ပိုမိုများပြားလာပါတယ်။ အခုလို မုဒိမ်းမှုတွေ ပိုမိုများပြားလာတာဟာ အစိုးရသစ် လက်ထက်မှာ ပွင့်လင်းမြင်သာမှုရှိလာတာကြောင့် မုဒိမ်းမှုတွေမှာလည်း လာရောက် တိုင်တန်း လာကြသလို မိဘတွေအနေနဲ့ကလည်း တိုင်ကြားရမယ်ဆိုတာကို ပိုမိုနားလည်လာတယ်။”
ကြိုတင်ကာကွယ်မှုအနေနဲ့ကတော့ လက်နက်ပုန်းအမှု ၃၀ ကျော်နဲ့ လောင်းကစားမှု ၃၅ မှု ပြည်တန်ဆာမှု ၉ မှုအပြင် ယစ်မျိုးမှု ၄၂ မှုထိဖမ်းဆီးနိုင်ခဲ့ပြီး အမှုကြီးအနေနဲ့ ၂၀၁၆ ခုနှစ် ဧပြီလမှာ ၄၀ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီလမှာတော့ အမှုကြီး ၄၉ မှု ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲ့ လမ်းညွှန်ချက်နဲ့ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က စတင်ကာ စွန်ရဲစီမံချက်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။











