ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-သိန္နီကြားရှိ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းမှာ မေလ ၁၀ ရက် ညပိုင်းကနေ မေလ ၁၁ ရက် နေ့လယ်ပိုင်းအထိ မူးယစ်ဆေးဝါးသယ်တဲ့ ဆိုင်ကယ် ၂ စီးနဲ့ တရားမဝင်ဖုန်းတွေ သယ်ဆောင်လာတဲ့ Express ကား ၂ စီးကို ဖမ်းဆီးရမိပါတယ်။
ရေပူဂိတ် အကောက်ခွန် ဒု-ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “ဖုန်းတွေကတော့ ကား ၂ စီးမိတယ်။ မူးယစ်ဆေးဝါးတွေကတော့ ဆိုင်ကယ်နဲ့မိတာ။ မနေ့ညက ၁ ယောက်နဲ့ ၁ စီးနဲ့ ဒီနေ့လယ် ၂ ယောက် ၁ စီးမိတယ်။ ကားကတော့ မနေ့ည ၉ နာရီဝန်းကျင်မှာ ၂ စီးလုံး ဖမ်းမိတယ်။ မနေ့ညကမိတဲ့ မူးယစ်ဆေးဝါးက ဘိန်းဖြူ ဆပ်ပြာခွက် ၁ ခွက်၊ ယာဘဆေးပြား အလုံး ၄၀၀ မိတယ်။ ဒီနေ့တော့ ဘိန်းဖြူ ၂၈ ခွက်မိတယ်။ ဖုန်းတွေကတော့ တော်တော်များတယ်။ အဲဖုန်းတွေ တရားမဝင်ဘူးဆိုတာကလည်း သူတို့က အခွန်မဆောင်ဘူးလေ။ အဲဒါကြောင့် ဖမ်းတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ဖုန်းအမျိုးအစားမှာ Mi Phone၊ Huawei၊ Hair Mask၊ Kenbo Phone၊ abc goal sun ဖုန်းမျိုးစုံတို့ အပါအဝင် ဖုန်းအလုံးပေါင်း ၅၀၀၀ ကျော်ရှိကြောင်း စစ်ဆေးချက်အရ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ စုစုပေါင်းတန်ဖိုးကို စစ်ဆေးနေပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၃ ဦးနဲ့ ဖုန်းသယ်ဆောင်လာတဲ့ ကားသမားတွေကို သိန္နီရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်။
သတင်း - နိုင်နိုင်၊ ဓာတ်ပုံ - ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း











