DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ ဘုရားကိုင်ချောင်းရိုးတလျှောက် စတင်ရှင်းလင်း
DVB
·
May 11, 2017
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ အဓိကကျတဲ့ ဘုရားကိုင် ချောင်းရိုးတလျှောက်ရှိ ရေမြောင်းကို မေလ ၁၀ ရက်နေ့က စတင်တူးဖော်ပါတယ်။

မြိတ်မြို့နယ်ရှိ ဘုရားကိုင်ချောင်းဟာ ကန်ဖျားရပ်ကွက် မြိတ်တောင်နယ်မြေနဲ့ အလယ်ကျွန်း နယ်မြေတို့ရှိ ရပ်ကွက်အများစုကို ဖြတ်ထားတဲ့ ချောင်းရိုးတခုဖြစ်ပြီး စည်းကမ်းမဲ့အမှိုက်တွေကို စွန့်ပစ်တဲ့အတွက် ရေမြောင်းတွေအတွင်း အမှိုက်တွေပြည့်သိပ်ပြီး ရေမစီးဆင်းနိုင်ဘဲ ဖြစ်နေတာပါ။

လာမယ့် မိုးရာသီမှာ ရေစီး ရေလာ ကောင်းမွန်စေရေးအတွက် မြိတ်မြို့ စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ဦးဆောင်ပြီး မြေတူးစက်တွေနဲ့ အရှည်ပေ ၁၀၀၀၀ ကျော်ကို တူးဖော် ဆယ်ယူသွားကြမယ်လို့ သိရပါတယ်။

စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက “အခု ကျွန်တော်တို့ ဘုရားကိုင်ချောင်းကြီး ထဲမှာ ရှိတဲ့ ရေမြောင်းထဲမှာ အမှိုက်တွေ၊ ဒိုက်တွေနဲ့ သစ်ပင် မြက်ပင်တွေကို ရှင်းလင်း တူးဖော်ဖို့ ရက် ၂၀ လောက်တော့ မှန်းထားပါတယ်”လို့ ပြောပါတယ်။

မြိတ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးလှသန်းမှ စက်ယန္တရားများဖြစ်သော ဘက်ဖို မြေတူးစက် ၅ စီး၊ ဆီဖိုးနဲ့ လုပ်အားခတွေ ပံ့ပိုးကူညီ လှူဒါန်းတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ဒီချောင်းထဲမှာ စက်လှေတွေနဲ့ ငါးဖမ်းလှေတွေ ဝင်ထွက် သွားလာနိုင်ကြပေမယ့် လက်ရှိမှာ ချောင်းရိုးတလျှောက် နေထိုင်သူတွေက အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် တိမ်ကောလာတာ ဖြစ်ပါတယ်။

ဒီဘုရားကိုင်ချောင်း ရေစီးရေလာ ကောင်းမွန်ရေး ကျောက်တန်းစီဖို့ မနှစ်က ပေ ၉၈၀၀ ကို တိုင်းဒေသကြီး ရေအရင်းမြစ်နဲ့ မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငွေကျပ်သိန်း ၈၀၀၀ နဲ့ ပြုလုပ်ခဲ့တယ်လို့ မြိတ်မြို့နယ် စည်ပင်သာယာရေးရုံးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဘုရားကိုင်ချောင်းအတွင်းသို့ ကန်ဖျားရပ်ကွက်၊ မြိတ်တောင် နယ်မြေနဲ့ အလယ်ကျွန်း နယ်မြေတို့ရှိ ရေမြောင်းများမှ ရေများစီးဆင်းကြပြီး ယင်းချောင်းမှ တဆင့် မြစ်အတွင်း စီးဝင်တာ ဖြစ်ပါတယ်။

သတင်း၊ဓာတ်ပုံ - ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013