DVB Logo
Home
မြန်မာသတင်း
နမ္မတူမြို့နယ်တွင် ယာဉ်တိမ်းမှောက်၊ လူ ၃ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ
DVB
·
May 11, 2017
နမ္မတူမြို့နယ်တွင် ယာဉ်တိမ်းမှောက်၊ လူ ၃ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ ဒီကနေ့ မွန်းလွဲပိုင်းက ကားတစီး တိမ်းမှောက်ပြီး လူ ၃ ဦး သေဆုံးကာ ၇ ဦးဒဏ်ရာရသွားပါတယ်။

ပန်လုံရွာမှာနေထိုင်တဲ့ စိုင်းဆိုင်မောက်ဟာ မိသားစုနဲ့အတူ လီလုရွာဘုရားပွဲသွားပြီး အပြန် နမ္မတူမြို့နယ် ရေအိုးရွာနဲ့ လီလုရွာကြား လမ်းခုလပ်မှာ တိမ်းမှောက်နေတဲ့ ကားတစ်စီး ကိုတွေ့လို့ ကယ်ဆယ်ရေးအဖွဲ့တွေဆီ ဖုန်းဆက်အကူအညီတောင်းပေးခဲ့တယ်လို့  ဒီဗွီဘီကို ပြော ပါတယ်။

“ကားကဘယ်တုန်းကတည်းက မှောက်နေတာလဲတော့ မသိဘူး။ ကျနော်အဲဒီကို ရောက်သွားတော့ မွန်းလွဲ ၁ နာရီခွဲလောက်ပေါ့။ ဘေးမှာ ဘိလပ်မြေအိတ်တွေရော၊ သဲတွေရော ဆောက်လုပ်ရေး ပစ္စည်းတွေရော ပြန့်နေတယ်။ တချို့က ပစ္စည်းပုံအောက်မှာ ပိတ်မိနေတယ်၊  နှစ် ယောက်လောက်က မလှုပ်နိုင်တော့ဘူး။ ကူညီကယ်ဆယ်ရေးတွေခေါ်ဖို့ အဲဒီနေရာက ဖုန်းလိုင်းမမိတော့ ကျနော်လည်း ဖုန်းလိုင်းမိတဲ့နေရာကို ကားမောင်းလာပြီး လက်မလှမ်းမီတဲ့ လူမှုကူညီရေး အဖွဲ့တွေဆီဖုန်း ဆက်လိုက်တယ်။ ကယ်ဆယ်ရေး အရင်ခေါ်ဖို့လိုလို့ သေဆုံး ဒဏ်ရာရ စာရင်းတွေမမေးရဘူး။ နောက်တခေါက် အဲဒီနေရာကို ပြန်သွားတော့ ကျန်တဲ့လူနာ ၂ ယောက်ကို မန်စံဆေးရုံခေါ်ခဲ့ပါတယ်ခင်ဗျ။”

တိမ်းမှောက်သွားတဲ့ယာဉ်ဟာ သံလွင်ရိုးမဆောက်လုပ်ရေးကုမ္ပဏီက ကားဖြစ်ပြီး ကားပေါ်မှာ ဘိလပ်မြေအိတ် ၁၀၀ ကျော်နဲ့ ဆောက်လုပ်ရေးအလုပ်သမား မိသားစုတွေ စုစုပေါင်း လူ ၁၃ ဦးပါ တင်ဆောင်လာတယ်လို့ သူကဆက်ပြောပါတယ်။

လူနာတွေကို သွားရောက်ကယ်တင်ခဲ့တဲ့ နမ္မတူမြို့နယ် မံစံကျေးရွာ ဆီလိုင်ခမ်း လူမှုကူညီရေး အဖွဲ့ခေါင်းဆောင် ဒေါ်ခမ်းမီးကတော့ ဒီယာဉ်တိမ်းမှောက်မှုမှာ လူ ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“သေဆုံးသွားတာ ၃ ဦးရှိပါတယ်။ အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦး အသက်က ၃၀ နဲ့ ၄၀ ကြားပတ်ဝန်းကျင်ပေါ့၊ လောလောဆယ် နာမည်မမေးရသေးဘူး။ မန္တလေးတိုင်း မြင်းခြံ ဘက်ကလာတဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေလို့တော့ သိရတယ်။  သူတို့အလောင်းတွေ အခု နမ္မတူဆေးရုံပို့ထားတယ်။ ဒဏ်ရာရတာကတော့ အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၂  ယောက်၊ စုစုပေါင်း ၇ ဦး၊ ဒဏ်ရာရတဲ့လူတွေအားလုံး လားရှိုးဆေးရုံကို ဆက်ပြီးပို့ပေးဖို့ ကျမတို့ အခုစီစဉ်နေပါတယ်။ ကားသမားကတော့ ထွက်ပြေးနေတယ်လို့ ပြောတယ်။”

သေဆုံးသူ ၃ ဦးမှာ ဦးခေါင်းနဲ့ လမ်းဘေးက မိုင်တိုင်ကို ဆောင့်မိတဲ့ဒဏ်ရာ၊ ကားပေါ်မှ ပြုတ်ကျတဲ့ဒဏ်ရာ၊ ဘိလပ်မြေအိတ်ပိမိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးတာလို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေထဲက ဆယ်တန်းကျောင်းသားတဦးမှာ ချောက်ထဲကို ပြုတ်ကျသွားလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ကုန်းပေါ်ပြန်တင်ပေးခဲ့ရကြောင်း၊ လောလောဆယ် ဒဏ်ရာပြင်းထန်သူ ၃ ဦးရှိပြီး ဒဏ်ရာအသေးစိတ်ကိုတော့ မသိရသေးဘူးလို့  ဒေါ်ခမ်းမီးက ဆက်ပြောပါတယ်။

ကားပေါ်ပါလာသူတွေဟာ နမ့်ဆန်ဘက်ကို လမ်းခင်းဖို့သွားမယ့် ဆောက်လုပ်ရေး အလုပ်သမားတွေဖြစ်ကြောင်း၊ ယာဉ်မတော်တဆဖြစ်ရတဲ့အကြောင်းကိုတော့  သေချာမ သိရပေ မယ့် စီးနင်းလိုက်ပါလာ သူတွေ အပြောအရ ယာဉ်မောင်းက ကားကို ပုံမှန်ဖြည်းဖြည်း သာမောင်း နှင်ပေမယ့် ဘိလပ်မြေအိတ်အလေးချိန်များတာကြောင့် တောင်ပေါ်လမ်းမှာ ဘေးစောင်း တိမ်းမှောက်သွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြော ဆိုေ နကြပါတယ်။

ဓာတ်ပုံ - Saing Mork

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013