ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဘဲရကျေးရွာမှာ ရွာသူရွာသားတွေ ဖျားနာ၊ အဆစ်အမြစ်ကိုက်ပြီး ခန္ဓာကိုယ်မှာ အနီစက်တွေထွက်တဲ့ ရောဂါဖြစ်ပွားနေတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
အိမ်ခြေ ၁၅၀ကျော် လူဦးရေ ၈၀၀ ကျော်ရှိတဲ့ အဆိုပါကျေးရွာမှာ ဆေးခန်းပြလူနာ ၆၄ ဦးရှိပြီး လူနာ ၃၅ ဦး ဖျားနာ အနီစက်ထွက်တဲ့ ရောဂါတွေရှိရပြီး အဆိုပါ လူနာတွေထဲက ၁၄ ဦးဟာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာတွေ့ရတယ်လို့ ဆိုပါတယ်။
မေ ၇ ရက်က ရွာသားတွေရောဂါဖြစ်ပွားကြောင်း သတင်းရရှိလို့ ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ရောဂါဖြစ်ပွားရာကျေးရွာသို့ ကွင်းဆင်းသွားရောက်ပြီး ရောဂါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေး ဆေးကုသမှုတွေလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပေါက်တောမြို့နယ်၊ ဘဲရကုလားချောင်းကျေးရွာက ဒေသခံပြည်သူ ၅ဦးဟာ ဧပြီ ၁၁ ရက်မှာ ကတ္တရာစေးအရောင်တွေ အော့အန်လို့ ပေါက်တောဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ဧပြီလအတွင်း ဒေသခံပြည်သူ ၅၀ ဦး ရောဂါထပ်မံဖြစ်ပွားလို့ မေ ၇ ရက်အထိ ရောဂါဖြစ်ပွားသူ ၁၂၀ ဦးအထိရှိလာခဲ့တယ်လို့ တပ်မတော်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - MOI Webportal Myanmar











