တနင်္သာရီမြို့တွင် ဗိုလ်ချုပ်မြင်းစီးရုပ်တု စတင် ဆောက်လုပ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ မြို့ခံအလှူရှင်တဦး မတည်ထည့်ဝင်မှုနဲ့ ဗိုလ်ချုပ်မြင်းစီးရုပ်တုတခုကို စတင်ဆောက်လုပ်နေပါတယ်။
တနင်္သာရီမြို့နယ်၊ ချောင်းငယ်ရပ်ကွက်၊ မြသီတာလမ်းဆုံ မြိတ်-ကော့သောင်း လမ်းမကြီး နံဘေးမှာ မတည်အလှူရှင် ဦးတင်ရှိန်က ကျပ်ငွေ ၁၅၀ သိန်း ထည့်ဝင်ကာ စတင်ဆောက်လုပ်တာ ဖြစ်ပါတယ်။
တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက “ဗိုလ်ချုပ်မြင်းစီးရုပ်တု ရှိခြင်းအားဖြင့် ဗိုလ်ချုပ်ကို အမြဲတမ်း အမှတ်ရနေမှာဖြစ်ပြီး၊ ဗိုလ်ချုပ်လို တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံတဲ့ နိုင်ငံ့သူရဲကောင်းတွေ ပေါ်ထွန်း လာအောင်၊ ဗိုလ်ချုပ်လို စိတ်ဓာတ်ကောင်းတွေ နောင်လာနောက်သား မျိုးဆက်သစ်တွေက အမွေအဖြစ် လက်ဆင့်ကမ်းနိုင်ဖို့အတွက် ရည်ရွယ်တည်ဆောက်တာပါ”လို့ပြောပါတယ်။
ဗိုလ်ချုပ်မြင်းစီးရုပ်တု ဆောက်လုပ်ဖို့အတွက် ပြည်သူတွေအနေနဲ့ အလှူငွေတွေ လာရောက် ထည့်ဝင်လှူဒါန်းပါက လက်ခံသွားမယ်လို့လည်းသိရပါတယ်။
သတင်း၊ ဓာတ်ပုံ - ဇော်ဇော်(မြိတ်)











