DVB Logo
Home
မြန်မာသတင်း

တနင်္သာရီတိုင်း အစိုးရကို လွှတ်တော်က ထိန်းကျောင်းပေးရန် ဒေသခံများ တောင်းဆို

DVB
·
May 10, 2017
Donate to DVB

ခွင့်ပြုချက်မရှိဘဲ ဆောက်နေတဲ့ စီမံကိန်းကြီးတွေကို လျစ်လျူရှုထားတဲ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို လွှတ်တော်က ထိန်းကျောင်းပေးသွားဖို့ မြိတ်ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

မြိတ်မြို့မှာဆောင်ရွက်မယ့် စီမံကိန်းကြီးတချို့မှာ အစိုးရ ခွင့်ပြုချက်ချထားပေးခြင်း မရှိပေမယ့် လုပ်ငန်းရှင်တွေက၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကို သိရှိတဲ့အပြင် ဥပဒေကို မျက်ကွယ်ပြုပြီး အားပေးအားမြှောက်လုပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေကို ဒေသခံတွေက တိုင်တည်ပြောကြားမှုတွေ ရှိနေသလို လွှတ်တော်က ထိန်းကျောင်း ပေးသွားဖို့အတွက်လည်း တောင်းဆိုခဲ့ပြီး မည်သို့မည်ပုံ ထိန်းကျောင်းမည်ကိုလည်း သိရှိလိုတယ်ဆိုတဲ့ မေးခွန်းတွေ မေးမြန်းထားကြောင်း သိရပါတယ်။

မြိတ်မြို့မှာရှိတဲ့ Sea View Condo ကို နိုင်ငံသားလုပ်ငန်းရှင်တဦး အမည်ခံဖြင့် တရုတ်နိုင်ငံက လာရောက်ဆောက်လုပ်နေပြီး တရုတ်သင်္ချိုင်းဟောင်း မြေနေရာမှာရှိတဲ့ လူနေအိမ်ရာများမှာလည်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေကြတယ်လို့ သိရပါတယ်။

အဆိုပါစီမံကိန်းကြီးများမှာ EIA SIA လုပ်ဆောင်ထားမှု၊ လူထု သဘောထားခံယူမှုတွေ ပါရမယ်လို့ နိုင်ငံတော်အစိုးရ ညွန်ကြားထားပြီးသားပါ။ ဒါတွေကို လိုက်နာဆောင်ရွက်ခြင်းမရှိပဲ လုပ်ဆောင်နေမှုကို တိုင်းဒေသကြီးအစိုးရ မျက်ကွယ်ပြုထားပါတယ်။ အားပေးအားမြှောက်လည်း ပြုနေပါတယ်။ ဥပဒေကို မျက်ကွယ်ပြုနေတဲ့ တိုင်းဒေသကြီးအစိုးရကို လွှတ်တော်က ဘယ်လို ထိန်းကျောင်းပြီး သွားမလဲဆိုတာ ဒေသခံတွေအနေနဲ့ သိချင်နေပါတယ်လို့ မြိတ်ခရိုင် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ကိုအောင်နိုင်ဦးက ပြောကြားခဲ့တာပါ။

အဆိုပါစီမံကိန်းကြီးနှစ်ခုအနက် တရုတ်သင်္ချိုင်းမြေနားမှာရှိတဲ့ အိမ်ရာများမှာ ဆောက်လုပ်မှု ရာခိုင်နှုန်းအတော်များများ ပြီးစီးနေပြီဖြစ်ပြီး Sea View Condo ကတော့ အိမ်ရာအရောင်းပြခန်းများ ဖွင့်လှစ်ခြင်း၊ ဈေးကွက်အရောင်းမြှင့်တင်ခြင်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်း တချို့ကို စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အိမ်ရာအရောင်းပြခန်း ဖွင့်လှစ်ခြင်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ကိုယ်တိုင် စီးလုံးငှားလေယာဉ်နဲ့ တက်ရောက်ခဲ့တဲ့အပြင် အစိုးရအဖွဲ့ဝင်များနဲ့ လွှတ်တော် ကိုယ်စားလှယ်များကို စမတ်ဖုန်းများ လက်ဆောင်ပေးခဲ့တဲ့အတွက် ဒေသခံများကြားမှာ ဝေဖန်မှုမြှင့်တက်ခဲ့သေးကြောင်း သိရပါတယ်။

ဒေသခံများရဲ့ မေးမြန်းချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးမှလည်း စီမံကိန်းနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းအားလုံးနဲ့ ဒေသခံတွေ ပါဝင်တဲ့ တွေ့ဆုံပွဲမျိုးကို လုပ်ဆောင်ပေးရန် Sea View Condo ကို တောင်းဆိုထားကြောင်း၊ အဆိုပါကိစ္စမျိုးကို အစိုးရက လုပ်နေသလား ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ လုပ်ပိုင်ခွင့်ထဲက ဆောင်ရွက် သွားမယ်လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးမှ အဆိုပါစီမံကိန်းကြီးများကို သွားရောက်စစ်ဆေးခဲ့ပြီး ဖြစ်သော်လည်း လုံလောက်တဲ့အဖြေကို ရရှိသေးခြင်းမရှိကြောင်း သိရပါတယ်။

ယခင်အစိုးရလက်ထက်ကတည်းက ရှိခဲ့တဲ့ လုပ်ငန်းရှင်နဲ့ အစိုးရ ရင်းနှီးတဲ့ပုံစံမျိုးကို ရှင်းပြခဲ့ပြီး အစိုးရမဆင်းမီ စာချုပ်အများအပြား ချုပ်ဆိုခဲ့သည်များရှိပြီး ခွင့်ပြုချက်မကျမီ နှုတ်နဲ့ ပြောပြီး တည်ဆောက်နေတဲ့ လုပ်ငန်းကြီးများလည်း ရှိနေကြောင်း၊ ဒါတွေကို လွှတ်တော်တွင်း လွှတ်တော်ပြင်ပများမှ ထိန်းကျောင်းသွားမှာဖြစ်သလို ပြည်သူတွေရဲ့ အသံတွေကိုလည်း ယူပြီး တင်ပြပေးသွားမှာဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချိုက ပြောကြားခဲ့ပါတယ်။

သတင်း - မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013