DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်၏ အမူအကျင့်များ ပြောင်းလဲလာဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
May 9, 2017
မြန်မာစစ်တပ်၏ အမူအကျင့်များ ပြောင်းလဲလာဟု ဒေါ်အောင်ဆန်းစုကြည်ပြော
1 / 2
Donate to DVB

 

တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး  မြန်မာစစ်တပ်ရဲ့ အမူအကျင့်တွေဟာ အတိုင်းအတာတခုအထိ ပြောင်းလဲလာပြီဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံမှာ တရားဝင်ခရီးရောက်ရှိနေတဲ့  ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့  လန်ဒန်မြို့မှာ ရာနဲ့ချီတဲ့ ယူကေရောက် မြန်မာအသိုင်းအ၀န်းနဲ့ တွေ့ဆုံ ပြောကြားသွားတာပါ။

တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အခုလက်ရှိအချိန်မှာ  မြန်မာစစ်တပ်ရဲ့အမူအကျင့်က  ပြောင်းလဲသွားပြီလား လို့ သိချင်တဲ့အကြောင်း လန်ဒန်ရောက် ကရင်တိုင်းရင်းသားတဦးက မေးခွန်းထုတ်ခဲ့ပါတယ်။  

ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့အနေနဲ့ ပြောင်းလဲဖို့လည်း အများကြီးလုပ်နေပါတယ်။ အတိုင်းအတာတခုအထိလည်း ပြောင်းလဲပြီလို့ ကျမတို့ ယူဆပါတယ်။ သို့သော်ငြားလည်း အပြည့်အ၀ပြောင်းလဲတယ်၊ မပြောင်းလဲဘူးဆိုတာ နောက်ဆုံးကျတော့ ပြည်သူလူထုက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အစိုးရဆိုတာ ကိုယ်လုပ်နေတဲ့စီမံကိန်းတွေ ကိုယ်ဦးတည်နေတဲ့ကိစ္စတွေ အောင်မြင်ပြီလို့ ပြောပိုင်ခွင့်ဟာ ၁၀၀ ရာခိုင်နှုန်းမရှိပါဘူး။ ကျမတို့အနေနဲ့ ဘာတွေဘာတွေလုပ်နေတယ်။ ဘယ်လောက်ထိရောက်နေလဲဆိုတာပဲ ပြောခွင့်ရှိပါတယ်။ တကယ်အောင်မြင်တယ်မအောင်မြင်ဘူးဆိုတာ ပြည်သူလူထုက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ”လို့ပြောသွားပါတယ်။

ဒါ့အပြင် ကရင်တိုင်းရင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေးမှာအများကြီးပါဝင်ကူညီတဲ့အတွက် အများကြီးကျေးဇူးတင်တယ်၊  ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ သဘောထားကြီးဖို့ နှစ်ဖက်စလုံး လိုအပ်တယ်လို့လည်းပြောသွားပါတယ်။

“ကျမဒီအချိန်မှာ ကြုံတုန်းပြောရမယ်ဆိုရင် ကရင်တိုင်းရင်းသားများဟာ ကျမတို့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ အများကြီး ပံ့ပို့ကူညီပါတယ်။ ထောက်ပံ့ပါတယ်။ ဒါအတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျမအမြဲပဲပြောတယ်။ သဘောထားကြီးဖို့ ဆိုတာ နှစ်ဖက်စလုံးမှာတာဝန်ရှိတယ်။ လူများစုကလည်း သဘောထားကြီးရမယ်။ လူနည်းစု ကလည်း သဘောထားကြီးရမယ်။ ကိုယ်မကျေနပ်တဲ့ဟာကိုပဲ ဦးတည်ပြီးတော့ စဉ်းစားနေမယ် ဆိုလို့ရှိရင် ကျမတို့ဟာ အဖြေရှာလို့ရမှာမဟုတ်ပါဘူး။ ”

မြန်မာနိုင်ငံအတွက် အရေးကြီးဆုံးကိစ္စက ငြိမ်းချမ်းရေးကိစ္စပဲဖြစ်တယ် နိုင်ငံတနိုင်ငံမှာ ငြိမ်းချမ်းမှုမရှိရင် တည်ငြိမ်မှုမရှိတဲ့အကြောင်းနဲ့ ငြိမ်းချမ်းရေးမှာ ၀ိုင်းဝန်းပါဝင် ကူညီလုပ်ဆောင် ပေးဖို့လည်း တိုက်တွန်းပြောသွားပါတယ်။

“ကျမတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် ကိုယ့်မှာလုပ်နိုင်တာဘာရှိလဲ။ တကယ်လုပ်ပေး ချင်တယ်ဆိုရင်လုပ်ပေးဖို့ရပါတယ်။ သေးသေးလည်းရတယ်။ ကြီးကြီးလည်း ရတယ်။ ကိုယ်သာ ဆန္ဒရှိရင် လုပ်ပေးနိုင်တာအများကြီးရှိတယ်။ ကိုယ်သာ တကယ်ဆန္ဒရှိရင် မလုပ်နိုင်တာ ဘာမှမရှိဘူး။ ကိုယ့်ကိုယ်ကိုလည်း အထင်မသေးနဲ့။”

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စ၊ ကျန်းမာရေးနဲ့ ပညာရေးကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွားပါတယ်။  

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး၊  နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ရေးရာ ဒုဝန်ကြီး၊  အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုဝန်ကြီးတွေနဲ့ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

ဒါ့အြ့ပင် လန်ဒန်မြို့တော်ဝန်က ပေးအပ်တဲ့   Freedom of The City ဂုဏ်ပြုဆုကိုလည်း လက်ခံရယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013