တနင်္သာရီတိုင်း မြိတ်မြို့၊ ရှောင်ကွင်းလမ်းမှာ ခရီးသည်တင်မှန်လုံကားကြီးတစီးနဲ့ ခရီးသည်တင် အန်စာတုံးကားငယ်တစီးတို့ တိုက်မိပြီး လူ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
မေလ ၉ ရက်နေ့ မွန်းလွဲပိုင်းမှာ ထားဝယ်မြို့မှ မြိတ်မြို့ကို မောင်းနှင်လာတဲ့ မန်းရာဇာ ခရီးသည်တင်မှန်လုံကားကြီးနဲ့ မြိတ်မြို့မှ ထားဝယ်မြို့ကို မောင်းနှင်လာတဲ့ နေလ ခရီးသည်တင် အန်စာတုံး အမျိုးအစားကားငယ်တို့ တိုက်မိခဲ့ရာ အန်စာတုံးကားငယ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၇ ဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
မန်းရာဇာကားကြီးဟာ ပင်းအိုကျေးရွာနဲ့ ငါးအင်းကျေးရွာအကြားတွင် အရှေ့ဘီး တာယာပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တဖက်က မောင်းနှင်လာတဲ့ အန်စာတုံးကားငယ်ကို ဝင်ရောက်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ယာဉ်တိုက်မှုကြောင့် ကျား ၃ ဦး၊ မ ၄ ဦး ဒဏ်ရာရခဲ့ပြီး အသက်၅၀ကျော်အရွယ် အမျိုးသမီးတဦး ဘယ်လက်ပြတ်တဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါယာဉ်တိုက်မှုကို မြိတ်မြို့နယ် ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးနေပြီး ဥပဒေအတိုင်းအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)











