DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့ကို အရေးယူရန် ၁၃ ပါတီတောင်းဆို
DVB
·
May 9, 2017
Donate to DVB

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကာလက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့ရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေဖောက်ဖျက် ကျူးလွန်ရာရောက်တဲ့အတွက် အရေးယူပေးဖို့ နိုင်ငံရေးပါတီ ၁၃ ပါတီက တောင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၁၃ ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံ မေလ ၈ ရက်စွဲနဲ့ တင်ပြလိုက်တာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရသက်တမ်း တနှစ်ပြည့်အဖြစ် မြန်မာ့ရုပ်မြင်သံကြားနဲ့ ရေဒီယို အစီအစဉ်တွေကနေ  မတ်လ ၃၀ရက်က မိန့်ခွန်းပြောကြားခဲ့ရမှာ  ကြားဖြတ်ရွေးကောက်ပွဲနဲ့ အချိန်ကိုက်ပြီး အန်အယ်လ်ဒီရဲ့ နိုင်ငံရေးရည်မှန်းချက်တွေပါဝင်တဲ့ စည်းရုံးဟောပြောတဲ့ မိန့်ခွန်းဖြစ်ကြောင်း အထင်အရှားတွေ့ရတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် ဒီမိန့်ခွန်းအပြည့်အစုံကို  ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်တာတွေ မပြုလုပ်ရလို့ တားမြစ်ထားတဲ့နေ့မှာ နိုင်ငံပိုင်သတင်းစာတွေကနေ ဖော်ပြခဲ့တာဟာ ရွေးကောက်ပွဲ ကော်မရှင် က တရားဝင်ထုတ်ပြန်ထားတဲ့ အမိန့်ကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်တယ်လို့လည်း ဆိုပါတယ်။

အလားတူ အန်အယ်လ်ဒီ နာယက ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်တို့ဟာ မတ်လ ၃၀ ရက်ညက မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံ၊ ရင်ထိုးတံဆိပ်တွေ တပ်ဆင်ကာ မူဝါဒအခက်အခဲတွေကို ချပြပြီး ပါတီအတွက် စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းထိန်တို့ရဲ့ ဆောင်ရွက်ချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်ပြဋ္ဌာန်းချက်တွေကို ကျူးလွန်ချိုးဖောက်တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူပေးဖို့ ၁၃ ပါတီက ခေါင်းဆောင်တွေ လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။

ကန့်ကွက်လွှာတင်သွင်းရာမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်ကတော့ မနေ့က ပါတီတွေတွေ့ဆုံဆွေးနွေးအပြီးလက်မှတ်ထိုး ကန့်ကွက်ခဲ့တာဖြစ်ပြီး ဥပဒေအအထက် မည်သူမှ မရှိစေဖို့ အခုလို ကန့်ကွက်တာလို့ ပြောပါတယ်။

“ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်ကို ပို့လိုက်ပြီလေ။ ကျနော်တို့ဘက်ကတော့ ဒီဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတဲ့မူနဲ့ ဒါကတော့ အခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူတဲ့လူတွေဟာ ပါတီနိုင်ငံရေးလုပ်ငန်းကိုမလုပ်ရဘူး။ အဲဒီလိုပဲ မဲမဆွယ်ရဘူးဆိုတဲ့နေ့မှာ မဲဆွယ်နိုင်ဖို့ မြန်မာ့အလင်းတို့ ကြေးမုံတို့ MRTV တို့မှာ အသံလွင့်တာတွေ၊ သတင်းစာတွေထဲမှာ ရေးသားတာတွေဟာ ဒါ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တယ်။ ရွေးကောက်ပွဲကျင့်ဝတ်မှာလည်း အစိုးရပိုင်ပစ္စည်းကို မသုံးရဘူး။ အဲဒီအချက်တွေကိုလည်း ကော်မရှင်ကိုတင်ပြတာပဲ။  ကော်မရှင်က ဘာလုပ်မယ်ဆိုတာ ကော်မရှင်အပိုင်းလေ။ ကျနော်တို့ကတော့ ဥပဒေလမ်းကြောင်းအရ ကော်မရှင်ကိုတင်ပြဖို့ တာဝန်ရှိတဲ့အတွက် ကော်မရှင်က ဒီပေါ်ဘာလုပ်မလဲ  ကော်မရှင်မှာတ၀န်ယူတဲ့ လူတွေရဲ့ အပိုင်းပဲပေါ့။”

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ လက်ရှိ အသက်ဝင်နေတဲ့ ဥပဒေဖြစ်တဲ့အတွက် လိုက်နာဖို့ လိုတယ်လို့လည်း ဦးသိန်းညွန့်ကပြောပါတယ်။

“ကျနော်တို့ကတော့ တချက်ပဲ၊ ဒီ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်။ ယနေ့အသက်ဝင်နေတဲ့ ဥပဒေဖြစ်တယ်။ ဒီဥပဒေနဲ့ပတ်သက်ရင် မပြင်နိုင်သေးခင်မှာ ဒီအခြေခံဥပဒေအရ ကတိသစ္စာပြုပြီးတော့ လွှတ်တော်ထဲ ရောက်လာတဲ့လူတွေ အစိုးရအဖွဲ့မှာ တာဝန်ယူတဲ့လူတွေဟာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ  လောလောဆယ်ကတော့ ဒီအခြေခံဥပဒေရဲ့ ထိန်းကျောင်းမှုကို ခံယူရမှာပဲ။ သမ္မတအထက်မှာ တက်နေတာကတော့ မိမိရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ။ အခြေခံဥပဒေကို လိုက်နာထိန်းသိမ်းကာကွယ်ပါမယ်လို့ ပြောပြီးတော့  အခြေခံဥပဒေပါပြဌာန်းချက်ဖြစ်တဲ့  ၀န်ကြီးတာဝန်ယူတဲ့အချိန်မှာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ မဆောင်ရွက်ရဘူးဆိုတဲ့ကိစ္စကို ချိုးဖောက်တယ်ဆိုရင်တော့ ချိုးဖောက်ကြောင်း ထောက်ပြရမှာက နိုင်ငံရေးပါတီတွေရဲ့ တာဝန်ပဲလေ။”

ခုလို အရေးယူဖို့ ပူးပေါင်းကန့်ကွက်တဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီထဲမှာ ကြံ့ခိုင်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ စတဲ့ပါတီတွေပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013