DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်လက်ထက်ရန်ပုံငွေများကိစ္စ အစိုးရကိုတင်ပြ (ရုပ်သံ)
DVB
·
May 9, 2017
ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်လက်ထက်ရန်ပုံငွေများကိစ္စ အစိုးရကိုတင်ပြ (ရုပ်သံ)
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ဦးဆောင်တဲ့ ယခင် အစိုးရအဖွဲ့အနေနဲ့ ကျပ်ငွေ ၅ ဘီလီယံနဲ့ ၇ ဘီလီယံအကြားရှိနိုင်တဲ့ ရန်ပုံငွေတွေကို လက်ရှိတိုင်းအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ခြင်းမရှိခဲ့ဘူးလို့ယူဆရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အစိုးရနဲ့ လွှတ်တော်ကို တင်ပြထားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဒီဗွီဘီနဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ ပြောပါတယ်။

ရန်ပုံငွေနဲ့ ဆက်စပ်နေတဲ့ ဖောင်ဒေးရှင်းကိစ္စတွေနဲ့ပတ်သက်လို့ တွေ့ရှိချက်တွေကို ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်နှစ်ရပ်စလုံးကို တင်ပြထားတယ်လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရဟောင်းရဲ့ ရန်ပုံငွေကိစ္စတုန်းကလည်း ပြည်ထောင်စုအဆင့် ကို တင်ပြပြီးနောက် စသုံးလုံးကို လွှဲအပ်စစ်ဆေးခိုင်းပြီး အခုကိစ္စမှာလည်း စသုံးလုံးက စစ်ဆေးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး မကွေးတိုင်းကိစ္စလိုပဲ စသုံးလုံးက စစ်ဆေးနိုင်ခြေ ရှိတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကဒီဗွီဘီကို ပြောပါတယ်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှာ ဖျာပုံမဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာမင်းသိန်းက ဖောင်ဒေးရှင်းရဲ့ ငွေအရင်းအမြစ်တွေနဲ့ ပတ်သက်လို့ မေးခွန်းမေးမြန်းခဲ့ရာမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက စာရင်းစစ်ချုပ်ကို စစ်ဆေးစေမယ်လို့ ဖြေကြားခဲ့ပါတယ်။

လွှတ်တော်အပိုင်းကလည်း ဝန်ကြီးချုပ်ကို အလေးထားဆောင်ရွက်စေဖို့ သဝဏ်လွှာ ပေးပို့ခဲ့တာတွေလည်း ရှိပါတယ်။

ဒါပေမယ့်လည်း ဦးသိန်းအောင် ဦးဆောင်တဲ့ ဧရာဝတီ ပညာ၊ ကျန်းမာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းဖွင့်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်က ဖောင်ဒေးရှင်းကို ပြည်ထဲရေးဝန်ကြီးဌာနမှာ တရားဝင်မှတ်ပုံတင်ထားတဲ့အတွက် စစ်ဆေးလို့မရကြောင်း ပြောခဲ့ပါတယ်။

အဲဒီစကားကြောင့် အစိုးရအဖွဲ့အနေနဲ့ ပြန်လည်သုံးသပ်စိစစ်မှုတွေ ပြုလုပ်ခဲ့ရတဲ့အတွက် အနည်းငယ် နှောင့်နေးခဲ့ရသလို လက်ရှိ ဝန်ကြီးချုပ်မန်းဂျော်နီ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တာ ကြောင့် ဧရာဝတီတိုင်းအနေနဲ့ မကွေးတိုင်းထက် အရင် ဆောင်ရွက်မှုတွေရှိခဲ့ပေမယ့် ကြန့်ကြာခဲ့တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။

အရင်ဝန်ကြီးချုပ်ဦးသိန်းအောင် ဦးဆောင်တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့လက်ထက် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းကိုကိုကတော့ အရင် စစ်အစိုးရလက်ထက်တုန်းကလို ရန်ပုံငွေထားရှိခြင်း မရှိကြောင်း ငြင်းဆိုထားဖူးပါတယ်။

ငွေကြေးအရှုပ်အရှင်းနဲ့ပတ်သက်တဲ့ ငွေအရင်းအမြစ်တွေအနေနဲ့ပတ်သက်လို့ စစ်ဆေးတဲ့ အခါမှာ လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ အဆောက်အဦ လေလံတင်ဒါတွေနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားကြေး ကောက်ခံတာ၊ တင်ဒါရသူတွေ ပေးရတဲ့ ၁ ရာခိုင်နှုန်းဆိုတာတွေ လုပ်ငန်းရှင်တွေက အစိုးရအဖွဲ့ ရန်ပုံငွေအဖြစ် လှူဒါန်းတာရှိခဲ့ကြောင်း ကြားရတယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။

ဧရာဝတီတိုင်းက ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး ဘက်စုံဖွံ့ဖြိုးရေးအတွက် အစိုးရတရပ်အနေနဲ့ ဖောင်ဒေးရှင်း တည်ထောင်တာဟာ အလွန်ကောင်းပြီး ဒါကို အစိုးရ လွှဲပြောင်းတိုင်း တာဝန်ယူတဲ့ အစိုးရနဲ့ ဆက်စပ်လွှဲပြောင်းသွားရင်တော့ ကောင်းမွန်တဲ့ အစဉ်လာကောင်းတခု ဖြစ်နိုင်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013