DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့် ၀အမျိုးသားအဖွဲ့ချုပ်တို့ UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်
DVB
·
May 8, 2017
Donate to DVB

ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)နဲ့ ၀အမျိုးသားအဖွဲ့ချုပ်(ဒဗလျူအန်အို)တို့က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်လိုက်ပါတယ်။

ကေအိုင်အိုအနေနဲ့ ယူအန်အက်ဖ်စီကနေ နုတ်ထွက်ကြောင်းစာကို ဧပြီ ၂၉ ရက်စွဲနဲ့ အတွင်းရေးမှူး ဦးလနန်းလက်မှတ်နဲ့ နုတ်ထွက်စာတင်ခဲ့တာလို့ ယူအန်အက်ဖ်စီနဲ့ နီးစပ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီဗွီဘီကိုပြောပါတယ်။

“နုတ်ထွက်စာလက်မှတ်ထိုးတဲ့ပုဂ္ဂိုလ်ကတော့သူတို့ လက်ရှိအတွင်းရေးမှူး ဦးလနန်း လက်မှတ်ထိုးပြီး အဖွဲ့ဝင်အဖြစ်နုတ်ထွက်လိုက်တော့သူတို့ ယူအန်အက်ဖ်စီမှာရှိတဲ့ ကျန်တဲ့အဖွဲ့တွေအနေနဲ့ အန်စီအေ လမ်းကြောင်းသွားချင်လည်း သွားနိုင်အောင် တဖက်က သူက ရှောင်ပေး၊ ဖယ်ပေးလိုက်တဲ့ပုံပေါ့လေ။ သူရှိနေရင်သွားလို့ ခက်မှာစိုးလို့။ အဲဒါလည်းဖြစ်နိုင်တာပေါ့တခုပေါ့။ နောက်တခုကတော့ အန်စီအေက သူဦးဆောင်မှုပေးနေတဲ့ နေရာကနေ ထွက်လိုက်သလိုပဲ ၀ရဲ့တပ်ပေါင်းစုမှာ သွားပြီးတော့ ပါနေတဲ့ဟာကိုလည်း ထွက်ချင်တော့ အန်စီအေလည်းထွက်တယ်။ ၀မှာလည်းထွက်တယ်။ နောက်အစိုးရနဲ့ နှစ်ဖွဲ့ချင်း စကားပြောဖို့ပဲ ချည်းကပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ လမ်းကြောင်းတခု ထပ်ထွင်ပြီးတော့ ကချင်လမ်းကြောင်း သတ်သတ် လုပ်ချင်တဲ့သဘောမျိုးလည်း ဖြစ်နိုင်တာပေါ့။ ၀မှာလည်း သူဆက်လိုက်ဖို့က အခက်ခဲရှိရင်လည်း ရှိနိုင်တယ်။ ဒါကြောင့် ၀ ဦးဆောင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကလည်း ခွာလာတဲ့သဘောမျိုး သတင်းတွေကြားနေတော့ ဒီနှစ်ခုကို တပြိုင်နက် ယူအန်အက်စီကနေလည်းခွာမယ်၊ ၀ကနေလည်း ခွာမယ်။  အစိုးရနဲ့ တဖွဲ့ချင်း စကားပြောတော့မယ်ဆိုတဲ့သဘောမျိုးလည်း သူချည်းကပ်နိုင်တာပေါ့။ ”

အလားတူ  ၀အမျိုးသားအဖွဲ့ချုပ် (WNO)ကလည်း ယူအန်အက်ဖ်စီ အဖွဲ့မှာ ဆက်လက် ပါဝင်ဖို့ အခက်အခဲရှိလာတဲ့အတွက် အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ခွင်ြ့ပုဖို့ ခုမေလ နုတ်ထွက်စာ တင်ထားပါတယ်။

နိုင်ငံရေးစစ်ရေးအပြာင်းအလဲတွေကြောင့်မဟာမိတ်အဖွဲ့အစည်းနှင့် အရင်လို အတူ ပူးပေါင်းဆောင်ရွက်သွားဖို့ အကျပ်အတည်း ဖြစ်လာရကြောင်းနဲ့ ၀ပြည်သူလူထုနဲ့  ၀အဖွဲ့အစည်းတို့ကလည်း ၀တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေစုဖို့ တင်ပြတောင်းဆိုမှုကြောင့် ၀အမျိုးသားအဖွဲ့ချုပ်အနေနဲ့ တဖွဲ့တည်းအဖြစ် ပူးပေါင်းစုစည်းသွားဖို့ ပြင်ဆင်နေတာကြောင့်ခုလို နုတ်ထွက်ရတာလို့  နုတ်ထွက်စာမှာဖော်ပြထားပါတယ်။

ယူအန်အက်ဖ်စီရဲ့ ဖွဲ့စည်းပုံအရ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ရင် ခိုင်လုံတဲ့ အကြောင်းပြချက်ပေးပြီး စာတင်လိုက်တာနဲ့ အဖွဲ့ဝင်အဖြစ်ကနေ အလိုအလျောက် ထွက်ပြီးဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ယူအန်အက်ဖ်စီအဖွဲ့က တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ ဝ အမျိုးသားအဖွဲ့ချုပ်တို့ကိုလည်း ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ကေအိုင်အေ ခုလို နုတ်ထွက်သွားပေမယ့် ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေအနေနဲ့  အန်စီအေလမ်းကြောင်းထဲ ဝင်ဖို့တော့ မသေချာဘူးလို့ သုံးသပ်ပြောတယ်။

“၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့မှာအဖွဲ့ ၈ ဖွဲ့ ထိုးပြီးကတည်းက ဒီနေ့အထိ အန်စီအေ လက်မှတ်ထိုးတဲ့အဖွဲ့ တဖွဲ့မှ မရှိဘူး။ အဲတော့ ကေအိုင်အေနဲ့ အက်စ်အက်စ်ပီပီက ၀ ဗဟိုပြုတဲ့မဟာမိတ်အဖွဲ့မှာပါသွားတဲ့အတွက်ကြောင့်မို့ နောက်ထပ် ၅ ဖွဲ့က လက်မှတ်ထိုးမယ်ဆိုတာ ကျနော်တို့ မျှော်လင့်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့  အဓိက ပါတီနှစ်ခုဖြစ်တဲ့ ကေအန်ပီပီနဲ့ မွန်ပြည်သစ်ပါတီက နိုင်ငံရေး အကြပ်အတည်းတခုရှိနေတယ်။ အဲဒါကဘာလဲဆိုတော့ သူတို့တောင်းထားတဲ့ ၉ ချက် ပေါ့၊ အဲဒီ ၉ ချက်ကို အစိုးရက သဘောမတူဘဲနဲ့ ထိုးမယ်ဆိုရင် သူတို့မှာ နိုင်ငံရေးအကြပ်အတည်းရှိတယ်။  သူတို့မထိုးဘူးဆိုရင်လည်း စစ်ရေးအရ အကျပ်အတည်းရှိတယ်။ အထူးသဖြင့် ကေအန်ပီပီက ဟိုးအပေါ်ဘက် ရောက်တဲ့အတွက်ကြောင့် နည်းနည်းဝိုင်းပတ်ခြင်းကနေ လွတ်တယ်။ မွန်အဖို့ ပြောမယ်ဆိုရင်တော့ အစိုးရတပ်ရော လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရော၊ ဘီဂျီအက်တွေရော၊ ပြည်သူ့စစ်အကြားမှာဆိုတော့ နည်းနည်းအကျပ်အတည်းကြီးတယ်။”

ယူအန်အက်ဖ်စီတပ်ပေါင်းစု မဟာမိတ်အဖွဲ့ကနေ ကချင်နဲ့ ဝ အဖွဲ့ နုတ်ထွက်လိုက်တဲ့ အတွက် လက်ရှိယူအန်အက်ဖ်စီအဖွဲ့ထဲမှာ  မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တပ်မတော်- ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူဒီမိုကရက်တစ် ယူနီယံ (LDU)နဲ့ ရခိုင် အမျိုးသားကောင်စီ (ANC) ၅ ဖွဲ့ သာ ကျန်ရှိမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013