တနင်္သာရီမြို့နယ်၊ ပဝဖိုးမဲကြိုးပြင်တောမှ ယခုနှစ်တွင် သစ်တန်ချိန် ၁ သောင်းခွဲကို သစ်တောဌာနမှ ထုတ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
တနင်္သာရီရိုးမအတွင်းက သစ်တန်ချိန် ၁ သောင်းခွဲ ထပ်မံထုတ်ယူဖို့ သစ်တောဦးစီးဌာနက စီစဉ်နေတာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးထံမှ ခွင့်ပြုချက်ရထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ယခင်နှစ်များက သစ်ထုတ်ယူခွင့် ရပ်နားထားတဲ့ တနင်္သာရီရိုးမအတွင်းမှာ ဒီနှစ် မိုးတွင်းရာသီမှာ သစ်တွေ ပြန်လည်ထုတ်ယူဖို့ရှိတယ်လို့ တနင်္သာရီမြို့နယ် သစ်တောဦးစီးအရာရှိ ဦးအောင်ကျော်စိုးက ပြောပါတယ်။
တနင်္သာရီရိုးမအတွင်းက သစ်ထုတ်လုပ်မှု ဧရိယာ ၃ သိန်းကျော်ရှိရာမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ဒေသသုံးလို့ အမည်ခံထားတဲ့ သစ်တန်ချိန် ၁ သောင်းခွဲကို ထုတ်ယူဖို့ ရှိနေပြီး ပဝဖိုးမဲကြိုးပြင်ကာကွယ်တောမှာ အပင်ရေ ၆၀၉၀ ကို ပင်ထောင်ရိုက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တဦးတယောက်တည်းရဲ့ဆန္ဒနဲ့ ပြောရမယ်ဆိုရင်တော့ အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်။ လက်ရှိ Climate Change ရာသီဥတု ပြောင်းလဲမှုအရ ကျနော်တို့ ဒေသမှာ သစ်ထုတ်တဲ့အတွက် အရမ်းဝမ်းနည်းပါတယ်။ နောက်တခုက ပြီးခဲ့တဲ့ ၁ လပိုင်းက ဖြစ်သွားတဲ့ တောင်ပေါ်ဒေသတွေမှာ ရေကြီး နစ်မြုပ်တာတွေက မိုးအရမ်းရွာလို့ ဖြစ်သွားတယ်။ အဲဒါက ဘာလို့ ဖြစ်သွားရသလဲဆိုတော့ အရပ်သားအတွေးနဲ့ ပြောရရင် သစ်တော၊ သစ်ပင်တွေ အရမ်းနည်းသွားလို့ ဖြစ်ပါတယ်။ အဲဒါကြောင့် သစ်တော၊ သစ်ပင်တွေကို ကျနော့်အမြင်နဲ့ ပြောရရင် မလိုအပ်ဘဲနဲ့ မထုတ်စေချင်ပါဘူး။ အမှန်တကယ် ဒေသသုံးဆိုရင်လည်း အကန့်အသတ်နဲ့ သတ်မှတ်ထားတဲ့ လုံးပတ်အရွယ်အစား ရောက်ရင် ထုတ်ရမှာပါ”လို့ တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။
တနင်္သာရီမြို့နယ်မှာ သစ်တောဖုံးလွှမ်းမှု ၆၄ ရာခိုင်နှုန်း ရှိပြီး သစ်တောအနေနဲ့ စနစ်တကျ သစ်ထုတ်ယူခွင့်ရှိပေမယ့် သစ်ထုတ်လုပ်တဲ့အခါမှာ အနီးကပ် ကြီးကြပ်သွားမှာ ဖြစ်တယ်”လို့ သစ်တောဦးစီးအရာရှိ ဦးအောင်ကျော်စိုးက ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဒေသခံများအားလုံး ပါဝင်တဲ့ တွေ့ဆုံပွဲတခုကို လုပ်ဆောင်သွားဖို့ သစ်တောဦးစီးဌာနကို ပြောကြားထားပြီး ဒေသခံတွေရဲ့ သဘောထားဘက်က ရပ်တည်သွားမယ်လို့ ပြောပါတယ်။
“ကျနော့်အနေနဲ့ သိထားတာက ၆ လပိုင်း (ဇွန်လ)အကုန်လောက်မှာ စတင်ထုတ်လုပ်သွားမယ်လို့ သိရှိထားပါတယ်။ မိုးတွင်းကာလမှာပေါ့။ ဒေသခံအကုန်လုံး ပါဝင်နိုင်တဲ့ တွေ့ဆုံပွဲတခု လုပ်သွားဖို့ သစ်တောကို ကျနော် တိုက်တွန်းထားပါတယ်။ ဒီဒေသခံ ပြည်သူတွေကလည်း သက်ဆိုင်ရာဝန်ကြီးဌာနကို လက်မှတ်ထိုးပြီး ရိုးမအတွင်းမှာ သစ်မထုတ်ဖို့ တင်ပြမယ်လို့ ကြားရပါတယ်။ လောလောဆယ် ယာယီခွင့်မပြုဖို့ အသနားခံစာ တင်မယ်လို့ သိရှိထားပါတယ်။ အဲလိုဆိုရင် ကျနော်က ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ပြည်သူတွေဘက်က ကူညီဆောင်ရွက်ပေးဖို့ အသင့်ပါပဲလို့ ပြောကြားချင်ပါတယ်”လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ဆိုပါတယ်။
“ဒေသသုံးသစ်လို့ ပြောပေမယ့် တကယ်တမ်းမှာတော့ ပြည်တွင်းမှာလည်း ရောင်းချပေးမယ်။ အဲဒီထဲက အနီးစပ်ဆုံး ၅၀ ရာခိုင်နှုန်းလောက်ကိုပဲ ဒေသအတွက် ရောင်းချပေးမှာပါ။ သစ်ထုတ်ယူခွင့်ကို ပြည်ထောင်စုဝန်ကြီးရဲ့ သဘောတူညီချက်နဲ့ လုပ်တာပါ။ သစ်တောဦးစီးဌာန အကွက်ရိုက်ပြီး သကျက်လုပ်ကွက်၊ ပဝဖိုးမဲလုပ်ကွက်တွေမှာ ထုတ်ယူသွားမယ်” လို့ မြိတ်ဒေသ သစ်ထုတ်လုပ်ရေးမန်နေဂျာ ဦးထွန်းကိုက ပြောပါတယ်။
တနင်္သာရီရိုးမအတွင်းမှာရှိတဲ့ အဆိုပါသစ်လုပ်ကွက်မှာ ယခင်က သစ်ထုတ်ယူခဲ့ခြင်းလည်း မရှိသလို သစ်တောထူထပ်တဲ့ဒေသဖြစ်ပြီး သစ်ပင်နဲ့ သတ္တဝါမျိုးစိတ်တွေ အများအပြား ကျန်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။
သတင်း - မြတ်ထွဋ်(မြိတ်)











