
ကရင်ပြည်နယ် ကော့ကရိတ်- မြဝတီ(အာရှ)လမ်းကို စစ်ကောင်စီက ဧပြီ ၂ ရက် ဒီနေ့မနက်က ပြန်လည်ဖွင့်လှစ်ပြီး အများပြည်သူတွေကို ဖြတ်သန်းခွင့်ပြုလိုက်ပေမဲ့ ကျန်လမ်းပိုင်းအားလုံးကို ပိတ်ထားတယ်လို့ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေက ပြောပါတယ်။
၂၀၂၄ ခုနှစ် ဧပြီ ၁၂ ရက်ကစပြီး ၂ နှစ်ကြာပိတ်ထားခဲ့တဲ့ ကော့ကရိတ်- မြဝတီ(အာရှ)လမ်းကို စစ်ကောင်စီတပ်က လုံခြုံရေးအပြည့်အဝယူပြီး ဒီနေ့မနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပြီး အိမ်စီးကား၊ ခရီးသည်တင်ယာဉ်နဲ့ ဆိုင်ကယ်တွေကို ဖြတ်သန်းခွင့်ပြုခဲ့တာပါ။
ဒါပေမဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ တံတားနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ မဖွင့်သေးတဲ့အပြင် ထိုးကော်ကိုးလမ်းပိုင်းဖြစ်တဲ့ သင်္ကန်းညီနောင်၊ နဒီလင်းမြိုင်လမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
တဘက်မှာလည်း မြဝတီမြို့တောင်ဘက်၊ ကော့ကရိတ်မြို့အနီးနဲ့ ကျုံဒိုးမြို့အနီးမှာ စစ်ကောင်စီ တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ကော့ကရိတ်- မြဝတီ(အာရှ)လမ်းက ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပေမဲ့ စိတ်ချလက်ချ မသွားရဲဘူးလို့ ခရီးသည်တယောက်က ပြောပါတယ်။
“ပြည်သူတွေကော ကားသမားတွေကော စိတ်ချလက်ချ မသွားရဲသေးဘူး။ လမ်းသွားရင် တိုက်ပွဲ တွေ ဘာတွေဖြစ်မှာ စိုးရိမ်စိတ်တွေ ရှိတာပေါ့။ အခြေအနေကို စောင့်ကြည့်နေတယ်။ တကယ်လို့ ဒီလမ်းကြီးက စိတ်ချလက်ချသွားရရင် ပြည်သူတွေ အတွက်တော့ ဝမ်းသာတာပေါ့။”
၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ကော့ကရိတ်မြို့နဲ့ ကော့ကရိတ်- မြဝတီ(အာရှ)လမ်းကို KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဧပြီ ၁၂ ရက်မှာတော့ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို နိုင်ငံအဆင့် အောင်ဇေယျ စစ်ဆင်ရေးအမည်နဲ့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒရုန်းနဲ့ ဓာတုဗုံးလို့ ယူဆရတဲ့ ဗုံးတွေအလွန်အကျွံအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် KNLA ပူးပေါင်းတပ် တွေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။











