DVB Logo
Home
မြန်မာသတင်း
ဦးဝင်းထိန်ကို တပ်မတော်က ပြင်းထန်စွာကန့်ကွက်၊ လိုအပ်သောတုံ့ပြန်မှုလုပ်မည်
DVB
·
May 6, 2017
ဦးဝင်းထိန်ကို တပ်မတော်က ပြင်းထန်စွာကန့်ကွက်၊ လိုအပ်သောတုံ့ပြန်မှုလုပ်မည်
Donate to DVB

တပ်မတော်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ ပြောကြားချက်ကို ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၄ ရက်က  နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာမှာ ဦးဝင်းထိန်က မီဒီယာတွေနဲ့ တွေ့ဆုံပြီး  အန်အယ်လ်ဒီနဲ့ ပတ်သက်တဲ့  အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့  သတင်းတွေ မဟုတ်မမှန်ကြောင်းရှင်းလင်းပြောကြားခဲ့ရမှာ တပ်မတော်အဖွဲ့အစည်းတွေကို ထည့်သွင်းပြော ဆိုခဲ့တာပါ။

သတင်းမှားတွေနဲ့ပတ်သက်ပြီး ဘယ်သူ၊ ဘယ်အဖွဲ့တွေကို သံသယရှိပါသလဲလို့ ဧရာဝတီသတင်းဌာနရဲ့ မေးခွန်းကို ဖြေကြားရာမှာ  ဦးဝင်းထိန်က “ဘယ်သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားနေရတာတွေက အများကြီး။ ကြံ့ခိုင်ရေးကပဲ လုပ်သလား။ အချို့ တပ်မတော်အဖွဲ့အစည်းတွေကပဲ လုပ်သလား။ ကျနော်တို့ကို မလိုလားတဲ့ အိုင်တီမှာကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလား မှန်းဆရခက်တယ်”လို့ ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို အစဉ်တစိုက် ဦးတည်ဆောင်ရွက်နေတဲကာလမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေနဲ့  နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုထိခိုက်စေတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေတဲ့ တပ်မတော်အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုမှုကို  ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ လိုအပ်သောတုံ့ပြန်မှုတွေ ဆောင်ရွက်သွားမယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဦးဝင်းထိန်အနေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးဖြစ်ပြီး ပါတီကို ကိုယ်စားပြုကာ မီဒီယာတွေအား တွေ့ဆုံရှင်းလင်းရာမှာ  အခြေအမြစ်ခိုင်လုံခြင်းမရှိတဲ့  သံသယစိတ်အပေါ် အခြေခံပြီး တပ်မတော်အား ထည့်သွင်းပုတ်ခတ်စွပ်စွဲပြောဆိုတာဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေတယ်လို့လည်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013