မတရားအသင်းဥပဒေ ဖျက်သိမ်းရန် တောင်းဆို
ပီတာအောင်
·
January 27, 2012
မြန်မာအစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ မတရားအသင်း အက်ဥပဒေဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အတားအဆီး ဖြစ်နေတဲ့တွက် ဖျက်သိမ်းပေးဖို့ မတရားအသင်း ကြေညာခံထားရတဲ့ အဖွဲ အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
[caption id="attachment_20493" align="alignright" width="300" caption="ရဲဘော် ဖိုးသံချောင်း"]
[/caption]
၁၉၅၃ ခုနှစ်ကတည်းက အခုချိန်ထိ မတရားသင်း ကြေညာခံထားရတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကတော့ မြန်မာပြည်သူတွေကို ခေတ်အဆက်ဆက်ဖိနှိပ်ရာမှာ အသုံးပြုခဲ့တဲ့ ဒီဥပဒေကို ဖျက်သိမ်းချိန် တန်နေပြီလို့ပြောပါတယ်။
“နှစ်ပေါင်းများစွာ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး ယူဆမှုတွေကို နှိပ်စက်ခဲ့တဲ့ ဥပဒေတရပ်ဟာ ယနေ့အချိန်ခါမှာ မရှိသင့်တော့ဘူးလို့ မြင်လို့ အခုလို တင်ပြတာပါ။ အများဆုံး ထိခိုက်တာက နံပါတ်တစ် လယ်သမားတွေပါ။ ကျေးလက်ဒေသ လက်နက်ကိုင်ဒေသမှာ ရှိတဲ့ လယ်သမားတွေကို ဒီဟာက နှိပ်စက်တယ်။ မြေပေါ်မှာ လှုပ်ရှားတဲ့ အစိုးရနဲ့မတူတဲ့ လူတွေအပေါ်မှာ အချိန်မရွေး ဒါမျိုးတပ်ပြီးတော့ နှိပ်စက်တာပါ။ အခုအခါမှာဆိုရင် အဲဒီပုဒ်မနဲ့ပဲ နှစ်တွေအများကြီး ထောင်ကျနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများကြီး ရှိနေပါသေးတယ်။”
၁၉၀၈ ခုနှစ် မတရားသင်း အက်ဥပဒေဟာ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တွေက လက်နက်ကိုင် ပုန်ကန်တဲ့ မြန်မာပြည်က တိုင်းရင်းသား လူမျိုးပေါင်းစုံကို နှိမ်နင်းဖို့ ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေကို အကြောင်းပြုပြီး မတရားအသင်း ကြေညာခံထားရတဲ့ အဖွဲ့တွေနဲ့ ဆက်နွှယ်နေသူတွေကို အစိုးရက ဖမ်းဆီးထောင်ချ အပြစ်ပေးလေ့ရှိတာပါ။
[caption id="attachment_20494" align="alignleft" width="300" caption="ဦးမျိုး"]
[/caption]
၂၀၀၉ ခုနှစ် ဧပြီလမှာ မတရားအသင်း ကြေညာခံထားရတဲ့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ (ဘီအယ်လ်စီ) ရဲ့ ဥပဒေရေးရာ သုံးသပ်ရေး ဌာနတာဝန်ခံ ဦးမျိုးက အခုလို ပြောပါတယ်။
“လွတ်လပ်ရေးရပြီးသား နိုင်ငံတနိုင်ငံမှာ ဒီဥပဒေမျိုး မရှိသင့်တော့ဘူးဗျ။ ဒါပေမယ့် သက်ဆိုင်ရာ အစိုးရတွေက ဒီဥပဒေကို ကိုင်ပြီးတော့ သူတို့ကို နိုင်ငံရေးအရ အန်တုတဲ့ အတိုက်အခံ အင်အားစုတွေကို ဒါနဲ့ပဲ ဆွဲ ဆွဲသွင်းနေတာပဲလေ။ ဒီနေ့ထိ တိုင်အောင်ပေါ့ဗျာ။ အဲတော့ ကျနော်တို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီဆိုတာလည်း ဥပဒေလုပ်ငန်းတခုပဲ လုပ်တာပါ။ ဥပဒေလုပ်ငန်း လုပ်တယ်ဆိုတာလည်း ကိုယ့်နိုင်ငံ ကောင်းဖို့အတွက် ကျနော်တို့ လုပ်တာ ဖြစ်တယ်။ တရားဥပဒေစိုးမိုးဖို့အတွက် ကျနော်တို့ လုပ်နေတာဖြစ်တယ်။ သန့်သန့်စင်စင်လေး ရုန်းကန်လှုပ်ရှားနေတဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတခုကိုမှ မတရားအသင်း လာကြေညာတယ်ဆိုတာဟာ တော်တော့ကို လွန်လွန်းပါတယ်။”
အလားတူ မတရားသင်း စွပ်စွဲခံထားရတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တခုဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး အေဘီအက်စ်ဒီအက်ဖ် ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်းကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ဒိမိုကရေစီဖော်ဆောင်ဖို့ မြန်မာအစိုးရအနေနဲ့ မတရားသင်း ဥပဒေ အပါအဝင် မတရားတဲ့ ဥပဒေအားလုံးကို ဖျက်သိမ်းသင့်ပြီလို့ ပြောပါတယ်။
[caption id="attachment_20495" align="alignright" width="300" caption="ကိုမျိုးဝင်း"]
[/caption]
“ယနေ့ကာလ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ တိုင်းပြည်နဲ့ ပြည်သူအကျိုးအတွက် တကယ်ရှေးရှုမယ်ဆိုရင် အင်အားစုအားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအခင်းအကျင်း ဖန်တီးဖို့လိုတယ်။ ပြည်တွင်းစစ်ဆိုတာ မရှိရဘူး။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရမယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ လိုတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့လိုတယ်။ ဒါကြောင့်မို့ ခုနက ဥပဒေတခုတည်းတင် မဟုတ်ပါဘူး။ တိုင်းပြည်မှာ ရှိနေတဲ့ ပုဒ်မ ၅ (ည) လို ဥပဒေမျိုး၊ အီလက်ထရောနစ် ဥပဒေ၊ အများကြီးပဲ ညှိနှိုင်းဆွေးနွေး ဖျက်သိမ်းရမှာပဲ။”
မြန်မာနိုင်ငံမှာ မတရားသင်း ကြေညာခံထားရတဲ့ အဖွဲ့အစည်းပေါင်း အနည်းဆုံး ၁၃ ဖွဲ့ လောက်ရှိပြီး ၁၉၆၂ခုနှစ်မတိုင်ခင်ကတည်းက မတရားသင်း ကြေညာခံထားရတဲ့ အဖွဲ့အစည်းတွေထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီ အလံနီကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်အဖွဲ့ ကေအန်ဒီအိုစတဲ့ အဖွဲ့အစည်း ၆ ဖွဲ့လောက် ရှိပါတယ်။
၁၉၈၈ နောက်ပိုင်းမှာတော့ ကရင်အမျိုးသားအစည်းအရုံး၊ ရှမ်းပြည်တပ်မတော်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် စတဲ့အဖွဲ့တွေနဲ့ နောက်ဆုံး ကြေညာခံထား ရတာကတော့ မြန်မာနိုင်ငံရှေ့နေများကောင်စီတို့ ဖြစ်ပါတယ်။


