ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ပေါ်မှာ မနေ့ညက မျက်နှာဖုံးစွပ်လူတစုက ဆိုင်ကယ်စီးပြီး လမ်းပေါ်တွေ့ရာလူတွေကို ဓားနဲ့ လိုက်ထိုးလို့ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးရဲစခန်းကသိရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပဲခူးမြို့နယ် အမှတ် ၁ ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာ မှာတော့ အဖြစ်အပျက် မှန်ကန်ကြောင်း အတည်ပြုပြီး အသေးစိတ်ကိုတော့ အမှုစစ်နေဆဲကာလမို့ ဖြေကြားလို့ မရသေးကြောင်း တာဝန်ကျရဲမေတဦးက ပြောပါတယ်။
မြစ်ကူးတံတား၊ ပန်းလှိုင်ရပ်ကွက်နဲ့ ဈေးပိုင်းရပ်ကွက်တွေမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ဆိုင်ကယ် နဲ့ ကားတွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ပဲခူးတိုင်း အန်အယ်လ်ဒီ ရုံးအဖွဲ့မှူး ဦးအေးချိုက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ည ၁၂ နာရီလောက်ကပေါ့။ မျက်နှာဖုံးစွပ်ထားတဲ့ လူငယ် ၁၀ ယောက်လောက်က မင်းလမ်းကနေပြီးတော့ လိပ်ပြာကန်နားကိုလာတယ်။ အဲဒီမှာ တွေ့တဲ့လူကို ဓားနဲ့ လိုက်ထိုးတယ်။ တုတ်နဲ့လည်းရိုက်တယ်။ ဆိုင်ကယ်စီးလာတဲ့ လူက ဆိုင်ကယ်ပစ်ပြီးထွက်ပြေးတော့ အဲဒီဆိုင်ကယ်ကို မီးနဲ့ရှို့တယ်။ ပြီးတော့ မောင်းလာတဲ့ကား ၁ စီးကိုလည်း သံတုတ်နဲ့မှန်ခွဲတယ်။ အဲလိုမျိုးတွေလုပ်တယ်။ ဓားထိုးတဲ့ ဒဏ်ရာရတဲ့ လူ ၂ ယောက်ကို ဆေးရုံတင်လိုက်ရတယ်။ မက်စ်မြန်မာ ကျောက်တွင်းကုန်းဆီဆိုင်က တယောက်ကတော့ ဆုံးသွားပြီပြောတယ်။”
အဆိုပါ မျက်နှာဖုံးစွပ်တွေဟာ ရဲတွေရောက်လာတော့ ထွက်ပြေးသွားကြကြောင်း၊ သူတို့နောက်ကို ရဲတွေက လိုက်လံဖမ်းဆီးရာမှာ ၁ဦးကို တိုက်တန်းလျားတခုမှာ ညတွင်းချင်း ဖမ်းမိခဲ့ပြီး ဒီမနက်စောစောမှာ နောက်ထပ် ၆ ဦး ဖမ်းမိကြောင်း၊ အမှုကို အမှတ် ၁ ရဲစခန်းမှာ တိုင်းရဲမင်းကြီးကိုယ်တိုင် စစ်ဆေးနေတယ်လို့ ဦးအေးချိုက ပြောပါတယ်။
အခုလို မျက်နှာဖုံးစွပ် အုပ်စုဖွဲ့ ရမ်းကားတဲ့လုပ်ရပ်မျိုး ပဲခူးမှာ အရင်က တကြိမ်တခါမှ မဖြစ်ခဲ့ဖူးကြောင်း၊ ပစ္စည်းလိုချင်လို့ လုပ်တာတော့ ဟုတ်ဟန်မတူဘဲ မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်နိုင်သလို ဥဿာမြို့သစ်ဘက်မှာ ကျူးကျော်နေထိုင်သူတွေကို မောင်းထုတ်လို့ မကျေနပ်တာ လည်းဖြစ်နိုင်ကြောင်း ပဲခူးမြို့မိမြို့ဖ အန်အယ်လ်ဒီ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးညွှန့်ရွှေက သုံးသပ်ပါတယ်။
အဆိုပါအဖြစ်အပျက်နဲ့ပတ်သက်ပြီး မြို့သူမြို့သားတွေကြား ညအပြင်မထွက်ရဲအောင် ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - Sunthit.com











