DVB Logo
Home
မြန်မာသတင်း
ကွတ်ခိုင်တွင် တရားမဝင်သစ် ၁၂ ဘီးကား ၂ စီး ဖမ်းဆီးရမိ
DVB
·
May 5, 2017
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်မြို့နယ်မှာ တရားမဝင်ပိတောက်သစ်တွေ သယ်ဆောင်လာတဲ့ ၁၂ ဘီးကား ၂ စီးကို ဒီနေ့မနက်ပိုင်းက ဖမ်းဆီရမိခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

အကောက်ခွန်ဦးစီးဌာန ဒုညွန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “သတင်းရတော့ နယ်မြေရဲတပ်ဖွဲ့တို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီးတော့ သိန္နီကျော် ကွတ်ခိုင်နယ် မန်ပိန်းရွာမှာ သွားမိတယ်။ သစ်ကားတွေက ညနေ ၅ နာရီမှာ ထုံးဘိုကတ္တားကနေ ထွက်သွားပြီလို့ မနက် ၂ နာရီခွဲအကျော်မှာ သတင်းရလို့ တညလုံးစောင့်တယ်။ ကားတွေကို ပိတ်လိုက်၊ ပြန်ဖွင့်ပေးလိုက်လုပ်တယ်။ အဲတာကို အဲ ၂ စီးက ဖွင့်ပေးတဲ့အချိန်မှာ ထွက်သွားတယ်။ ထွက်သွားတော့ ဦးလေးတို့ သတင်းဆက်က အဲကားကတော့ သိန္နီကျော်သွားပြီလို့ ၆ နာရီမှာ သတင်းပေးတဲ့အတွက် သွားဖမ်းမိတာပါ” လို့ ပြောပါတယ်။

ကား ၂ စီးဟာ ရေပူဂိတ် ဖွင့်လိုက် ပိတ်လိုက်လုပ်နေတဲ့ကာလမှာ ဂိတ်ဖွင့်ချိန်ကို အခွင့်ကောင်းယူပြီး မောင်းသွားခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

“မနက်က ၄ နာရီကစ ပိတ်ပြီးစစ်တာ။ လားရှိုးထိ အဲမှာ ကားတွေသိပ်မရှိတော့ဘူး။ တွေ့တဲ့ ကားတွေလည်း အကုန်စစ်တယ်။ ဒီကား ၂ စီး မတွေ့ဘူး။ မတွေ့တော့ ခဏနားလိုက်တဲ့ အချိန်မှာ ဒီကား ၂ စီးက ကျော်သွားပြီလို့ ၆ နာရီကျော်မှာ သတင်းကရတယ်” ပြောပါတယ်။

ကားပေါ်ပါ တရားမဝင်ပိတောက်သစ်တွေဟာ အရည်အသွေးကောင်းတဲ့ သစ်တွေဖြစ်တယ်လို့ ပြောပါတယ်။

“သစ်ကတော့ ကွတ်ခိုင် သစ်တောလွှဲဖို့ စီစဉ်နေတယ်။ အခုမိတဲ့ ကား ၂ စီးနဲ့ လူ ၂ ယောက်ကိုလည်း ကွတ်ခိုင်ရဲစခန်းကို လွှဲဖို့ ပြင်စဉ်နေပါတယ်။ ကိုယ်တို့က ဒီမှာပါတဲ့ လူတွေကိုပဲ တရားစွဲရတယ်။ ဒီမှာက ဖမ်းထားလို့လည်း မရဘူး။ ထွက်ပြေးလည်း သေနတ်နဲ့ ပစ်ခွင့်မရှိဘူး။ ရဲစခန်းရောက်မှပဲ သူတို့က စစ်ဆေးအရေးယူပါလိမ့်မယ်” သူက ဆက်ပြောပါတယ်။

သစ်တန်ချိန်၊ ကားပိုင်ရှင်၊ သစ်ပိုင်ရှင်တွေနဲ့ပတ်သက်လို့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

သတင်း - နိုင်နိုင်၊ Photo- ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013